အသည်းရောင် အသားဝါ B ပိုး ကာကွယ်ဆေးအကြောင်း (Hepatitis B Vaccine💉💉)
မင်္ဂလာပါ ဒီတစ်ခါမှာတော့ စာဖတ်ပရိတ်သတ်တွေရဲ့ တောင်းဆိုချက်အရ အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေးအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ။
♦ဘာကြောင့် B ပိုးကာကွယ်ဆေးထိုးသင့်လဲ?
♦ဘယ်သူတွေရော ကြိုပြီးထိုးထားသင့်သလဲ?
♦ ကာကွယ်ဆေးကရော ဘယ်နှစ်ကြိမ်ထိုးရတာလဲ? ။........ စသဖြင့် ပြည့်ပြည့်စုံစုံ တင်ဆက်ပေးထားတာမို့ စာကို အဆုံးထိဖတ်ရှုဖို့ အကြံပြုလိုက်ရပါတယ် ။
🔴 ဘာကြောင့် ကာကွယ်ဆေးထိုးဖို့ လိုသလဲ ။
အသည်းရောင်အသားဝါ B ပိုးဟာ ကူးစက်ခံရဖို့ အင်မတန်မှ လွယ်ကူပြီး ကူးစက်ခံထားရရင်လည်း ရောဂါလက္ခဏာ သေသေချာချာ မသိနိုင်ဘဲ ရောဂါ တော်တော်ကျွမ်းမှ သိနိုင်တဲ့အပြင် ပိုးကို အသေသတ်နိုင်တဲ့ ဆေးနည်းတွေလည်း မပေါ်သေးတာကြောင့် B ပိုးကာကွယ်ဆေးက ထိုးကိုထိုးထားဖို့ လိုအပ်တဲ့ ကာကွယ်ဆေးတစ်ခုပါ ။
🔴 ဘယ်သူတွေက ကာကွယ်ဆေး ကြိုထိုးထားသင့်လဲ ။
လူတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး တစ်ခု ဖြစ်ပေမယ့် ခုပြောပြမယ့်သူတွေက ပိုထိုးထားသင့်ပါတယ် ။
♦ အိမ်သားထဲက တစ်ယောက်ယောက်မှာ အသည်းရောင်အသားဝါ B ပိုး ရှိတဲ့ သူတွေ
♦ အသည်းရောင် အသားဝါ B ပိုး ရှိသော ရောဂါသည်တွေများတဲ့ ဆေးရုံလိုနေရာမျိုးမှာ အလုပ်လုပ်နေရတဲ့သူတွေ
♦ အသည်းရောင်အသားဝါ B ပိုးရှိတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ ရင်သွေးလေးတွေက ကာကွယ်ဆေး အထိုးသင့်ဆုံး သူတွေပါ ။
ခုနောက်ပိုင်း တိုးတက်လာတော့ မွေးကင်းစကလေးတွေထိုးရတဲ့ ငါးမျိုးစပ် ကာကွယ်ဆေးမှာ B ပိုး ကာကွယ်ဆေးက ပါပြီးသားပါ ။
🔴 ကာကွယ်ဆေးထိုးချင်တာနဲ့ တန်းထိုးလိုက်ရုံပဲလား ။
ကာကွယ်ဆေးမထိုးခင် ကိုယ့်မှာ အသည်းရောင်အသားဝါ B ပိုး ရှိနေလားဆိုတာ အရင်သွေးစစ်ဖို့လိုပါတယ် ။ အသည်းရောင်အသားဝါ B ပိုးမရှိတော့မှ ကာကွယ်ဆေးထိုးတာက ပိုသင့်တော်ပါတယ် ။
🔴 အသည်းရောင်အသားဝါ B ပိုး ကာကွယ်ဆေးက တစ်ကြိမ်တည်း ထိုးရုံနဲ့ ရလား။
အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရုံနဲ့ မပြီးပါဘူး ။ သုံးကြိမ်ထိုးရမယ့် ကာကွယ်ဆေးတစ်မျိုးပါ ။ အသုံးအများဆုံး အကြိမ်ကတော့ 0-1-6 ဖြစ်ပါတယ် ။ သဘောက ပထမဆုံးအကြိမ်ထိုးပြီး နောက်တစ်လအကြာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပြီး ပထမအကြိမ်ပြီး ၆ လအကြာမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ် ။ ကိုယ့်ထိုးရမယ့်ရက်ကို သေချာမှတ်ထားပြီး အကြိမ်ရေပြည့်အောင်ထိုးပါမှ ကာကွယ်ဆေးအောင်မှာ ဖြစ်ပါတယ် ။
🔴 ကာကွယ်ဆေး သုံးကြိမ်ထိုးပြီးရင် ဘာတွေလုပ်ရဦးမှာလဲ ။
ကာကွယ်ဆေး သုံးကြိမ်ထိုးပြီးပြီ ဆိုတာနဲ့ ဆေးအောင်မအောင် ပြန်စစ်ဖို့လိုပါတယ် ။ ကာကွယ်ဆေးအောင်ပြီဆိုတော့မှ စိတ်ချရမှာဖြစ်ပြီး ဆေးမအောင်ရင်တော့ ပြန်ထိုးဖို့လိုပါတယ် ။
🔴 တစ်ခါ ကာကွယ်ဆေး အောင်သွားပြီးရင် အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး က တစ်သက်လုံးခံလား ။
အသည်းရောင်အသားဝါ B ပိုး ကာကွယ်ဆေးက တစ်ကြိမ်အောင်ပြီးရင် စိတ်ချရသွားပြီဆိုပေမယ့် ပိုပြီး စိတ်ချရအောင် ၅ နှစ်တစ်ကြိမ် ဒါမှမဟုတ် လိုအပ်ရင် ပဋိဇီဝပစ္စည်းကို ပြန်စစ်ပြီး ပြန်ထိုးပေးဖို့လည်း လိုအပ်ပါတယ် ။
🔴 အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး ကို ဘယ်မှာထိုးလို့ရသလဲ ။
ဆေးရုံဆေးခန်းတွေမှာ ထိုးလို့ရပါတယ် ။ အပြင်ဆေးရုံဆေးခန်းတွေမှာ ဝယ်ထိုးလို့ရသလို မွေးစကလေးတွေအတွက် ကာကွယ်ဆေးထိုးအစီအစဉ်မှာ ပါဝင်ပြီး ဖြစ်ပါတယ် ။
🔴 ကိုယ်ခန္ဓာရဲ့ ဘယ်နေရာမှာ ကာကွယ်ဆေးထိုးတတ်ကြလဲ ။
အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး အထိုးအများဆုံးနေရာကတော့ လက်မောင်းမှာ ဖြစ်ပြီး ထိုးပြီးတာနဲ့ ဆေးထိုးထားတဲ့ နေရာကို မချေဖို့ လိုအပ်ပါတယ် ။ တချို့လူတွေမှာ ကာကွယ်ဆေး ထိုးထားတဲ့နေရာ အောင့်ကျန်တာမျိုး တစ်ပတ်လောက် အထိ ခံစားရ တတ်ပါတယ် ။ မွေးကင်းစ ကလေးတွေ ဆိုရင်တော့ အသားများတဲ့ ပေါင်လိုနေရာမျိုး မှာ ကာကွယ်ဆေးထိုးပေးပါတယ် ။
ဒါတွေကတော့ အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး မထိုးခင်သိထားသင့်တဲ့ အကြောင်းအရာတွေပါ ။ အသည်းရောင်အသားဝါ B ပိုး ကာကွယ်ဆေးထိုးတဲ့ နေရာမှာ အရေးအကြီးဆုံးကတော့ ရက်ချိန်းမှန်အောင် ၊ အကြိမ်ရေပြည့်အောင် ဆေးထိုးရမှာ ဖြစ်ပြီး ဆေးအောင်မအောင် ပြန်စစ်ဖို့လည်း မမေ့သင့်ပါ ။ ဒါလေးတွေသိထားတော့ ကိုယ်ကာကွယ်ဆေးထိုးတဲ့အခါ အူတူတူ ဖြစ်မနေတော့ဘဲ ဆရာဝန်တွေနဲ့ သေချာ ဆွေးနွေးလို့ရသွားပြီပေါ့ ။
စာဖတ်ပရိတ်သတ်တွေလည်း အသည်းရောင်အသားဝါ B ပိုး ကာကွယ်ဆေးအကြောင်းကို သိသွားပြီဆိုတော့ အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
စာဖတ်ပရိတ်သတ်များအားလုံး အသည်းရောင်အသားဝါ B ပိုး ရောဂါဘေးမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ။
VAA ( VHCA Alumni Association )
ပြည်သူမှ ပြည်သူသို့

ပြည့်ပြည့်စုံစုံလေးတင်ပြပေးလို့ကျေးဇူးပါVAAရေ
ReplyDelete