Otomycosis ( နားမှိုစွဲခြင်းရောဂါ )
🙋 အားလုံးပဲ မင်္ဂလာပါ 🙋
VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။
နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။
နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။
နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။
🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း
နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။
အဲ့ဒီမှာမှ နားမှိုစွဲတာရဲ့ (၁၀) ယောက်မှာ (၉) ယောက်က Aspergillus မှိုကြောင့်လို့ ဆိုကြပါတယ် ။
🔴 ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ?
နေ့စဉ်ပတ်ဝန်းကျင်မှာ မျက်စိနဲ့ မမြင်ရတဲ့ မှိုပိုးတွေနဲ့ ထိတွေ့နေရပေမယ့် လူတိုင်း နားမှိုစွဲရောဂါ မဖြစ်ကြပါဘူး။
ဒါပေမဲ့ ဒီအချက်တွေ ရှိရင်တော့ သတိထားဖို့ လိုပါတယ် ။ သူတို့တွေက နားမှိုစွဲရောဂါ ဖြစ်နိုင်ခြေ များပါတယ်။
🔴 ပိုးသတ်ဆေး နဲ့ စတီးရွိုက် အသုံးပြုသူများ
ပိုးသတ်ဆေးတွေမှာ သောက်ဆေးတွေ ၊ ထိုးဆေးတွေပါသလို နားထဲထည့်တဲ့ ဆေးတွေလည်း ပါပါတယ် ။ စတီးရွိုက်တွေလည်း ပါပါတယ် ။ ဒီဆေးတွေကို မကြာခဏ ဒါမှမဟုတ် အချိန်ကြာကြာ အသုံးပြုသူတွေမှာ ပိုတွေ့ရပါတယ် ။
နားမှိုစွဲရောဂါ ရှိတဲ့ လူငယ်တွေကို လေ့လာထားတဲ့ စာတမ်းတစ်ခုမှာ ပါဝင်တဲ့ လူငယ် (၂၆) ယောက်လုံးက နားပြည်ယိုတာအတွက် Ofloxacin ပါတဲ့ နားသန့်ဆေးကို အသုံးပြုထားကြတာတွေ့ရပါတယ်။
တချို့ပညာရှင်တွေရဲ့ အဆိုအရ ပိုးသတ်ဆေးတွေက နားထဲက pH ပမာဏကို ပြောင်းလဲစေတာကြောင့် ကောင်းတဲ့ ဘက်တီးရီးယားတွေ မရှိတော့ဘဲ မှိုတွေပေါက်ဖို့ လွယ်လာတယ်လို့ ယူဆကြပါတယ် ။
🔴 ခုခံအားကျသူများ
နားမှိုစွဲရောဂါက ခုခံအားမကောင်းတဲ့သူတွေမှာ ပိုဖြစ်တတ်တာကို တွေ့ရပါတယ် ။ ပိုဖြစ်တာတင်မဟုတ်ဘဲ ခဏခဏလည်း ပြန်ဖြစ်သလို နောက်ဆက်တွဲပြဿနာလည်း ဖြစ်တတ်ပါတယ် ။ အဆိုးဆုံးနောက်ဆက်တွဲပြဿနာကတော့ မှိုပိုးတွေ ဦးနှောက်ထဲကို ရောက်သွားတာပဲ ဖြစ်ပါတယ် ။
ခုခံအားကျလွယ်တဲ့ သူတွေကတော့
−ဆီးချိုရောဂါရှိသူတွေ
−ကင်ဆာရောဂါ ရှိသူတွေ
−HIV/ AIDS
-မကြာသေးခင်ကမှ ကိုယ်တွင်းအင်္ဂါအစားထိုးထားသူတွေ
−ကင်ဆာအတွက် ရောင်ခြည်ပြတာ၊ ဆေးသွင်းတာ လုပ်ထားရသူတွေပဲ ဖြစ်ပါတယ်။
အရေပြားရောဂါအခံတစ်ခုခုရှိနေတာ
နှင်းခူ ၊ အရေပြားရောင်ရမ်းနာတစ်မျိုး seborrheic dermatitis ၊ အရေပြားဓာတ်မတည့်တာ ၊ ဆိုရီယေးစစ် စတာတွေ ရှိရင်လည်း ပိုဖြစ်တတ်ပါတယ်။
♦ ရေ နဲ့ ပတ်သက်တဲ့ အားကစားလုပ်သူများ
ရေကူးတာ၊ ဒိုင်ဗင်ထိုးတာ၊ ရေလွှာလျှောစီးတာလိုမျိုး ရေနဲ့ နားနဲ့ ကြာကြာထိတွေ့တဲ့ သူတွေမှာလည်း ဖြစ်တတ်ပါတယ် ။ ရေက မသန့်ရင် ပိုဖြစ်တတ်ပါတယ် ။ ရေချိုးတာကနေ ဖြစ်တာကတော့ ရှားပါတယ် ။
♦ နားထဲကို မသန့်တဲ့ ပစ္စည်းတွေ ထည့်သူများ
နားထဲကို မသန့်တဲ့ ပစ္စည်းတွေ ထည့်တာ
ဥပမာ - နားဖာကလော်ရင်း နားကို ထိခိုက်မိတာ ၊ သီချင်းနားထောင်တဲ့ နားကြပ်တွေ ၊ နားကြားကိရိယာတွေကို သေချာ သန့်ရှင်းရေး မလုပ်တာ ၊ ဆံပင်ဆိုးဆေးတွေ နားထဲဝင်ကုန်တာ စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ် ။
♦နားဖာကလော်လွန်းတာ
နားမှိုစွဲတာကို နားကြပ်တံ၊ နားဖာကလော်တံသုံးပြီး နားဖာချေးကလော်တဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ် ။
နားထဲမှာ နားဖာချေးက ရှိသင့်သလောက် ရှိရမှာပါ ။ နားဖာချေးတွေ ကလော်လွန်းတဲ့အခါ နားအတွင်းပိုင်း ခြောက်သွေ့ပြီး ပိုးဝင်လွယ်ပါတယ် ။ နောက်ပြီး နားဖာချေးတွေက ဘက်တီးရီးယားနဲ့ မှိုပိုးတွေ မပေါက်အောင် တားထားပေးတဲ့ သဘာဝ အကာအကွယ်တစ်ခုလည်း ဖြစ်ပါတယ် ။
🔴 နားမှိုစွဲရောဂါရဲ့ လက္ခဏာများ
နားမှိုစွဲတဲ့အခါ -
♦ကောင်းကောင်းမကြားရတာ
♦ နားယားတာ
♦ နားကိုက်တာ
♦ နားထဲက အရည်တွေထွက်တာ
♦ နားအူတာ
♦ နားထဲမှာ စပ်ဖျင်းဖျင်းဖြစ်တာ
♦ နားလေထွက်တာ
♦ ခေါင်းကိုက်တာ
♦ အပြင်နားရွက်မှာ နီရဲရောင်ရမ်းတာ
♦ အရေပြားမှာ အဖတ်လေးတွေ လန်နေတာ
♦ နားကနေ အရောင်ပါတဲ့ ပြည်တွေ ထွက်လာတာ (ဥပမာ - အဝါ၊ အစိမ်း၊ မီးခိုးရောင်၊ အဖြူ) စတာတွေ ခံစားရတတ်ပါတယ် ။
တကယ်လို့ နားမှိုစွဲတာက Aspergillus ကြောင့်ဆိုရင် နားထဲမှာ မီးခိုးရောင် ဒါမှမဟုတ် အဝါရောင် အစက်လေးတွေ တွေ့ရမှာဖြစ်ပြီး ဘေးနားမှာ မှိုတက်သလို ဖြူဖြူလေးတွေ တွေ့ရမှာပါ ။ Candida ကြောင့်ဆိုရင်တော့ သိပ်မသိသာဘူး ။ အဖြူပျစ်ပျစ် အရည်တွေပဲ ထွက်မှာ ဖြစ်ပါတယ်။
ဒီလက္ခဏာတွေက များသောအားဖြင့် နားတစ်ဖက်တည်းမှာပဲ ဖြစ်တာများပါတယ် ။ မှိုစွဲတာလည်း တစ်ဖက်တည်း ဖြစ်တတ်လို့ပါ ။ ဒါပေမဲ့ နား နှစ်ဖက်စလုံး တစ်ပြိုင်နက်တည်းလည်း ဖြစ်နိုင်ပါတယ် ။
🔴 နားမှိုစွဲရောဂါရှိမှန်း ဘယ်လိုသိမလဲ
နားမှိုစွဲတယ်လို့ ကိုယ့်ကိုယ်ကို ယူဆတယ်ဆိုရင် ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ ။
ဆရာဝန်ကနေ ခံစားရတဲ့ လက္ခဏာတွေအကြောင်းကို မေးမြန်းမှာဖြစ်ပြီး နားထဲကို မှန်ပြောင်းလေးနဲ့ ကြည့်မှာ ဖြစ်ပါတယ် ။ လိုအပ်ရင် နားထဲကထွက်နေတဲ့ အရည်ကို ယူပြီး ဘာကြောင့်ဖြစ်လဲဆိုတာကို စစ်ဆေးဦးမှာပါ ။
ဒါမှသာ ရောဂါကို သေချာသိပြီး ထိရောက်တဲ့ ကုသမှု ပေးနိုင်မှာ ဖြစ်ပါတယ် ။
🔴 နားမှိုစွဲရောဂါ ကုသနည်း
နားမှိုစွဲရောဂါလို့ ထင်တယ် ဒါမှမဟုတ် အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ပြသတာ အကောင်းဆုံးပါ ။ နားထဲကို ကိုယ့်သဘောနဲ့ ကိုယ်တိုင် ဆေးတွေထည့်တာ ၊ နားသန့်ဆေးတွေ သုံးတာမျိုး မလုပ်ရပါဘူး ။ အထူးသဖြင့် လူသုံးများတဲ့ နားသန့်ဆေးတွေမှာ ပိုးသတ်ဆေးတွေပဲ ပါတတ်တဲ့အတွက် မှိုရောဂါကို သက်သာစေမှာ မဟုတ်ပါဘူး ။
🔴 နားမှိုစွဲရောဂါမှာ အသုံးပြုတဲ့ ကုသနည်းများ
♦နားသန့်ရှင်းရေး လုပ်ပေးခြင်း
ဆေးခန်းမှာ နားထဲက ပိတ်နေတာတွေကို သန့်ရှင်းရေး လုပ်ပေးမှာ ဖြစ်ပါတယ် ။ ဒါမှ ဆေးတွေထည့်တဲ့အခါ အာနိသင်ရမှာပါ ။ အိမ်မှာ လုပ်တဲ့ နားကြပ်တံနဲ့ သန့်တာ ၊ နားဖာကလော်တာတွေနဲ့ မတူတဲ့အတွက် ကိုယ့်ဟာကိုယ် လုပ်လို့ မရပါဘူး ။
♦ဆေးဝါးများ အသုံးပြုခြင်း
ဆေးဝါးတွေမှာ မှိုသေဆေးတွေ ၊ ပိုးသတ်ဆေးတွေ ၊ အနာသက်သာစေတဲ့ဆေးတွေကို နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုတာ ဖြစ်ပါတယ် ။ ဆရာဝန်ညွှန်ကြားချက်နဲ့သာ အသုံးပြုသင့်ပါတယ် ။ ဒါမှ ဆေးယဉ်ပါးတာ၊ ဆေးမတိုးတာ၊ မလိုအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာတွေ မဖြစ်မှာပါ ။
♦ နားထဲအစက်ချဆေး
များသောအားဖြင့် Clotrimazole မှိုသတ်ဆေးကို သုံးလေ့ရှိပါတယ် ။ Econazole, miconazole နဲ့ amphotericin B ကိုလည်း သုံးတတ်ကြပါတယ် ။
♦လိမ်းဆေး
နားရွက်နဲ့ နားအပြင်ဘက်မှာပါ မှိုစွဲတဲ့ လက္ခဏာတွေ တွေ့နေရရင် လိမ်းဆေးတွေပါ ထည့်ပေးရမှာပါ ။ မှိုသတ်ဆေးတွေဖြစ်တဲ့ clotrimazole, fluconazole နဲ့ ketoconazole ကို သုံးလေ့ရှိကြပါတယ် ။
♦ သောက်ဆေး
နားထဲအစက်ချဆေးတွေ၊ လိမ်းဆေးတွေနဲ့ မသက်သာဘူးဆိုရင် သောက်ဆေးတွေ ပေးဖို့ လိုအပ်နိုင်ပါတယ် ။ မှိုစွဲရောဂါက ကြာနေပြီ ဒါမှမဟုတ် ပြင်းထန်တယ်ဆိုရင် သောက်ဆေးတွေ ပေးရတတ်ပါတယ်။ အထူးသဖြင့် Aspergillus မှိုကြောင့်ဆိုရင် လိုတတ်ပါတယ် ။ နောက်ပြီး မှိုပိုးအပြင် ဘက်တီးရီးယားပိုးပါ တွဲဖြစ်နေတယ်ဆိုရင် ပိုးသတ်ဆေးပါ ထည့်ပေးဖို့ လိုပါတယ် ။
နားကိုက်တာ၊ နာတာတွေအတွက်ဆိုရင်လည်း အကိုက်အခဲပျောက်ဆေးတွေ သောက်ဖို့ လိုပါတယ် ။
တချို့လူတွေမှာ နားမှိုစွဲတာက နာတာရှည်ဖြစ်တာ ဒါမှမဟုတ် ခဏခဏဖြစ်တာကို တွေ့ရပါတယ်။ လူနာတစ်ယောက်မှာဆိုရင် နားမှိုစွဲတာ ၃ လ လောက်ကြာလို့ စစ်ကြည့်လိုက်တဲ့အခါ Malassezia မှိုကြောင့် ဖြစ်တာကို တွေ့ရပါတယ် ။ သူက လူနဲ့ တိရစ္ဆာန်တွေရဲ့ ကိုယ်ပေါ်မှာ ရှိတတ်ပါတယ်။ အဲ့ဒီလူနာမှာတော့ သူ့ခွေးကနေ ကူးလာတယ်လို့ ယူဆရပါတယ် ။
နားမှိုစွဲရောဂါက တစ်လလောက်ကုရတတ်ပါတယ် ။ ပုံမှန်ကုသမှုခံယူမယ်ဆိုရင် ဖြည်းဖြည်းချင်းနဲ့ လက္ခဏာတွေ သက်သာလာပြီး မှိုပိုးတွေလည်း ပျောက်သွားမှာပါ ။
♦ ဆောင်ရန် ၊ ရှောင်ရန်များ
နားမှိုစွဲတဲ့အခါ ကိုယ့်ဟာကိုယ် မကုဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ပြသသင့်ပါတယ် ။ နားမှိုစွဲတဲ့အခါ နားကိုက်တာ သက်သာအောင် ရေနွေးဝတ်လေး ကပ်ပေးနိုင်ပါတယ်။
ရေချိုးပြီးရင် နားကို ခြောက်အောင် သုတ်ပါ ။ အတွင်းထဲထိ ထိုးပြီး သုတ်တာကို ရှောင်ပါ ။
အတွင်းထဲထိ ခြောက်ချင်ရင် hair dryer ကို သိပ်မပူစေဘဲ နားနဲ့ လက်တစ်ကမ်းအကွာကနေ ဖွင့်ထားပါ ။ နားထဲက ပြည်တွေ ၊ နားဖာချေးတွေကို ကိုယ့်ဟာကိုယ် မထုတ်ရပါဘူး ။
🔴 နောက်ဆက်တွဲပြဿနာများ
နားမှိုစွဲရောဂါက ပြင်းထန်တဲ့ရောဂါ မဟုတ်ပေမယ့် တစ်ခါတလေမှာ နောက်ဆက်တွဲပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။
ဒါတွေကတော့ -
♦နားစည်ပေါက်တာ
♦ အကြားအာရုံဆုံးရှုံးတာ
♦ နားထဲက အရိုးတွေရောင်တာ
♦ ဦးနှောက်ထဲထိ ပိုးတွေ ပြန့်သွားတာ စတာတွေပဲ ဖြစ်ပါတယ်။
🔴 နားမှိုစွဲရောဂါ ကာကွယ်နည်း
နားမှိုစွဲတာကို အထိုက်အလျောက် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေကတော့-
♦ရေကူးတာ၊ ရေနဲ့ ပတ်သက်တဲ့ အားကစားတွေ လုပ်တဲ့အခါ နားကို လုံအောင်ဖုံးထားပါ။ ဒါမှမဟုတ် earplugs တပ်ပါ။ ပြီးရင် ရေခြောက်အောင် သုတ်ပါ။
♦ နားအတွင်းထဲထိ ခြောက်စေဖို့ hair dryer ကို သိပ်မပူစေဘဲ နားနဲ့ လက်တစ်ကမ်းအကွာကနေ ဖွင့်ထားပါ။
♦ နားကလော်တာ၊ နားကြပ်တံနဲ့ အတွင်းထဲကို သန့်ရှင်းရေးလုပ်တာတွေ မလုပ်ရပါ။ နားဖာချေးတွေကို နားအတွင်းထဲထိ တွန်းပို့သလို ဖြစ်တတ်ပါတယ်။ နားထဲမှာ နားဖာချေးနည်းနည်းလောက် ရှိနေသင့်ပါတယ်။ ဒါမှ မှိုတွေ မပွားလာအောင် ထိန်းပေးနိုင်မှာပါ။
♦ မလိုအပ်ဘဲ နားထဲကို ဂွမ်းစို့တာ မလုပ်ရပါဘူး။
♦နားအတွင်းထဲ နဲ့ နားရွက်ကို ဒဏ်ရာရအောင် ကုတ်ခြစ်တာတွေ မလုပ်ရပါဘူး။
ကဲ အခုဆို နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိသွားပြီဆိုတော့အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ် ။
သိချင်တာ မေးချင်တာများရှိရင် Comment မှာ မန့်သွားပေးလို့ရပါတယ်။ VAA အဖွဲ့သားများက အစွမ်းကုန်ကြိုးစားဖြေကြားပေးသွားမှာဖြစ်ပါတယ်။ 😊
#vaa
#နားမှိုစွဲရောဂါ
VAA(VHCA Alumni Association)
ပြည်သူ မှ ပြည်သူ သို့
Comments
Post a Comment