Circulation Of Blood
မင်္ဂလာပါ VAA Facebook Page မှ ပရိတ်သတ်ကြီးများခင်ဗျာ
အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?
ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။
ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း ( Circulation of Blood )
ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်
(၁) သွေး
(၂) နှလုံး နှင့်
(၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။
(၁) သွေးအကြောင်း
သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးနိုင်သည် ။
🔴သွေးထုထည်ပမာဏ
လူ့ခန္ဓာကိုယ်တွင် အရွယ်ရောက်ပြီးသားလူ၌ သွေး ၅ လီတာ မှ ၆ လီတာ ခန့် ရှိသည် ။ လူ့ခန္ဓာကိုယ်မှ သွေး ၂ လီတာ ဆုံးရှုံးပါက သွေးဆုတ် သွေးလန့်ခြင်း ဖြစ်နိုင်သည် ။ ကိုယ်အလေးချိန် ၆.၄ ကီလို တွင် ၀.၅ လီတာ သွေးပမာဏ ရှိသည် ။
🔴သွေး၏လုပ်ငန်းများ
သွေးသည် အာဟာရဓာတ်များနှင့် အောက်စီဂျင်ဓာတ်ကို ခန္ဓာကိုယ် အနှံ့အပြားသို့ ပို့ပေးသည် ။ ကလာပ်စည်းများ ( တစ်ရှူး ) မှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် အညစ်အကြေးများကို စွန့်ပစ်ရမည့် အင်္ဂါအစိတ်အပိုင်းများသို့ ပို့ပေးသည် ။ ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးစီးဆင်းခြင်းဖြင့် အပူဓာတ်ကို ပြန့်နှံ့စေပါသည် ။
ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်သော ရောဂါပိုးများကို သွေးခဲမှ သွေးဖြူဥများ ပဋိပစ္စည်းများ စီးဆင်းစေခြင်းဖြင့် ဝိုင်းဝန်းတွန်းလှန်စေသည် ။
🔴သွေး၏စုစည်းပါဝင်ပုံ
သွေးတွင် အောက်ပါတို့ စုစည်းပါဝင်သည် ။
(၁) သွေးရည်ကြည်
(၂) သွေးနီဥ
(၃) သွေးဖြူဥ နှင့်
(၄) သွေးဥမွှား တို့ဖြစ်သည် ။
♦ သွေးရည်ကြည်
သွေးရည်ကြည်သည် အရောင်အဆင်း ကင်းမဲ့သော အရည်ဖြစ်သည် ။ ၎င်း၏ အဓိကလုပ်ငန်းမှာ အာဟာရဓာတ် သယ်ဆောင်ရန် ဖြစ်သည် ။
♦ သွေးနီဥ
၎င်းတို့သည် သေးငယ်သော ဥကလေးများ ဖြစ်သည် ။ မှန်ဘီလူးဖြင့်သာ မြင်နိုင်သည် ။ ၎င်းတွင်းရှိသော '' ဟီမိုကလိုဗင် '' ခေါ်သည့် ပရိုတင်းဓာတ်သည် သံဓာတ်များပါဝင်၍ သွေးကို နီရဲသော အရောင် ဖြစ်စေသည် ။ သွေးနီဥသည် ရှုသွင်းသည့် လေထဲမှ သွေးတွင်းသို့ ရောက်ရှိလာသော အောက်စီဂျင်ဓာတ်ကို လည်းကောင်း ၊ ကလာပ်စည်းများမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို လည်းကောင်း သွေးရည်အတွင်း ပျော်ဝင် သယ်ဆောင်ပေးသည် ။
♦ သွေးဖြူဥ
ပုံသဏ္ဌာန်အမျိုးမျိုးရှိသော သွေးဆဲလ်ငယ်များဖြစ်ပြီး မှန်ဘီလူးဖြင့်သာ မြင်နိုင်သည် ။ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သော ရောဂါပိုးများကို ဝိုင်းဝန်းကာကွယ် တိုက်ဖျက်သည် ။ သွေးဖြူဥများသည် ခန္ဓာကိုယ်ကို ကူးစက်ရောဂါများမှ ကာကွယ်ပေးသော သဘာဝ ကိုယ်ခံအားစနစ်ကို ဖြစ်ပေါ်စေသည် ။
♦ သွေးဥမွှား
သွေးဥမွှား (သို့) သွေးချပ်ပြား (သို့) သွေးပန်းကန်ပြားသည် သွေးနီဥ နှင့် သွေးဖြူဥ တို့ထက် အရေအတွက် ပိုများပြီး သွေးခဲခြင်း စနစ်အတွက် အထောက်အကူပြုသည် ။
(၂) နှလုံး
နှလုံးသည် အခေါင်းပွ ကြွက်သားလုံး ဖြစ်သည် ။ ၎င်းသည် ရှုံ့ချည်ပွချည် ညစ်ခြင်းအားဖြင့် သွေးကို စုပ်ပန့်ကဲ့သို့ ခန္ဓာကိုယ်တွင်း လှည့်ပတ်စေသည် ။ ၄င်းသည် လူ၏ရင်ခေါင်းတွင်း ဘယ်ဘက်ပိုင်း အဆုတ် ( ၂ ) ခုတို့ကြားတွင် ရှိသည် ။ လူတစ်ယောက်၏ နှလုံးပမာဏသည် အကြမ်းအားဖြင့် ၄င်းလူ၏ လက်သီးဆုပ်ခန့် ရှိသည် ။ နှလုံး၏ အတွင်းဘက်တွင် အခန်း ( ၄ ) ခန်း ပါရှိသည် ။ နှလုံး၏ ဘယ်ဘက်နှင့် ညာဘက်ခြမ်းကို အမြှေးကြွက်သားများဖြင့် တောက်လျောက် ပိုင်းခြားထားသည် ။ တစ်ဖန် ယင်း ဘယ်ညာခြမ်းများကို အထက်နှင့် အောက်ခန်းများဟု ထပ်၍ ပိုင်းထားပြန်သည် ။ ဘယ်ညာအထက်ခန်းနှင့် အောက်ခန်းတို့သည် အပေါက်ငယ် တစ်ခုစီဖြင့် ဆက်ထား၍ သွေးအား တစ်လမ်းသွား နည်းဖြင့် လှည့်ပတ်ရန် ၎င်းအပေါက်ငယ်နှစ်ခုရှိ အဆို့ရှင်ကလေးများက ဆောင်ရွက်သည် ။
ထို့ကြောင့် ဘယ်ဘက်အပေါ်ခန်း (သို့) ဘယ်ဘက်သွေးလက်ခံခန်း ၊ ဘယ်ဘက်အောက်ခန်း (သို့) ဘယ်ဘက်သွေးလွှတ်ခန်း နှင့် ညာဘက်အပေါ်ခန်း (သို့) ညာဘက်သွေးလက်ခံခန်း ၊ ညာဘက်အောက်ခန်း (သို့) ညာဘက်သွေးလွှတ်ခန်း ဟု အခန်း ( ၄ ) ခန်း ဖြစ်ပေါ်လာသည် ။
( ၃ ) သွေးကြောများ
သွေးကြောအမျိုးအစား ( ၃ ) မျိုး ရှိသည် ။
(က) သွေးလွှတ်ကြောများ
နှလုံးမှ ခန္ဓာကိုယ် အနှံ့အပြားသို့ သွေးပို့ဆောင်ပေးသော သွေးကြောမကြီး နှင့် သွေးကြောငယ်များကို သွေးလွှတ်ကြောများ ဟုခေါ်သည် ။ ၎င်းတို့တွင် တောင့်တင်းခိုင်မာသော အကာပါရှိသည် ။ ထို့ကြောင့် နှလုံးမှ တွန်းပို့သော သွေးအားကို ခံနိုင်သည် ။ သွေးလွှတ်ကြောများရှိ သွေးမှာ နှလုံးမှ လာသော
သွေးဖြစ်ခြင်းကြောင့် အောက်စီဂျင်ဓာတ်များ ပါရှိသဖြင့် နီရဲနေသည် ။ ၎င်းတို့သည် ခန္ဓာကိုယ်တွင် ကြွက်သားများ အတွင်း၌သာ အများအားဖြင့် ရှိသည် ။
(ခ) သွေးပြန်ကြောများ
ခန္ဓာကိုယ် အနှံ့အပြားမှ နှလုံးသို့ သွေးပြန်ပို့သော သွေးကြောကြီးငယ်များကို သွေးပြန်ကြောများ ဟုခေါ်သည် ။ ၎င်းတို့၏ အကာများမှာ သွေးလွှတ်ကြောများကဲ့သို့ မခိုင်မာပေ ။ အတွင်းဘက်တွင် အဆို့ရှင်များရှိ၍ သွေးတစ်လမ်းတည်းသွားရန် လမ်းညွှန်ပြီး နောက်ပြန်သွားခြင်းကို ကာကွယ်သည် ။သွေးပြန်ကြောအတွင်းရှိ သွေးတို့သည် ၎င်းတို့ပတ်ဝန်းကျင်ရှိ ကြွက်သားများ၏ လှုပ်ရှားမှုကြောင့် သွေ့လှည့်ပတ် ရွေ့လျားခြင်း ဖြစ်ရသည် ။ သွေးပြန်ကြော အတွင်းရှိ သွေးအရောင်မှာ အညစ်အကြေးနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တို့ ပါဝင်သောကြောင့် နီညိုသည် ။ ၎င်းသွေးကြောတို့သည် ခန္ဓာကိုယ် အပေါ်ယံတွင် ရှိသည် ။
ဥပမာ - အရေပြားအောက်တွင်ရှိသော သွေးပြန်ကြောများ ။
(ဂ) ဆံချည်မျှင် သွေးလွှတ်ကြော ၊ ဆံချည်မျှင် သွေးပြန်ကြော
၎င်းတို့သည် ဆံချည်မျှင်ပမာဏရှိ သွေးကြောငယ်လေးများ ဖြစ်၏ ။ သွေးလွှတ်ကြော နှင့် သွေးပြန်ကြောတို့အတွက် ပေါင်းကူးသဖွယ် တည်ရှိသည် ။ ၎င်းတို့တွင် အကာပါးလွှာ၍ သွေးလွှတ်ကြော မှ ကလာပ်စည်းများသို့ ပေးပို့သော အာဟာရနှင့် အောက်စီဂျင်ဓာတ်တို့ လွယ်ကူစွာ စိမ့်ထွက်နိုင်သကဲ့သို့ ကလာပ်စည်းများတို့မှ ကာဗွန်ဒိုင်အောက်ဆိုဒ် နှင့် အညစ်အကြေးများကို လွယ်ကူစွာ စိမ့်ယူပြီး သွေးပြန်ကြောဘက်သို့ ပို့ပေးသည် ။
💠 သွေးပေါင်ချိန် (Blood Pressure)
သွေးလွှတ်ကြောအတွင်းရှိ သွေး၏ဖိအားကို သွေးပေါင်ချိန် ဟု ခေါ်သည် ။ ၎င်းသည် ကျန်းမာသော လူတစ်ဦးတွင် ၁၂၀ / ၈၀ မီလီမီတာ မာကျူရီ ( mmHg ) ထက် မပိုလွန်း မလျော့လွန်းသော အား ရှိရမည် ။
💠 သွေးခုန်ချက် (Rhythm)
၎င်းသည် နှလုံးသွေးများကို အချက်ညီစွာ ညှစ်ထုတ်ခြင်းအားဖြင့် သွေးလွှတ်ကြောများအတွင်းသို့ သွေးများတိုးဝင်ခြင်းကို စမ်းသပ်တွေ့ရှိနိုင်ခြင်းပင် ဖြစ်သည် ။ ၎င်းကို အလွယ်တကူ စမ်းသပ်နိုင်သော နေရာများမှာ ---
(၁) လက်ကောက်ဝတ်
(၂) နားထင်
(၃) လည်ပင်း
(၄) ပေါင်ရင်း
(၅) ဒူးခေါင်းခွက်
(၆) ခြေဖမိုး တို့ဖြစ်သည် ။
🔺🔺🔺 စမ်းသပ်ရာတွင် အောက်ပါအချက်များကို ဂရုပြုရမည် ။
(၁) သွေးခုန်နှုန်း မြန်ခြင်း ၊ နှေးခြင်း ။ ( Pulse Rate )
(၂) သွေးပေါင်ချိန် များခြင်း ၊ နည်းခြင်း ။ ( Blood Pressure )
(၃) သွေးခုန်ချက် မှန်ခြင်း ၊ မမှန်ခြင်း ။ ( Rhythm )
💠 သွေးခုန်နှုန်း
ကျန်းမာသောလူရွယ်တစ်ဦးတွင် တစ်မိနစ်လျှင် ပျမ်းမျှ ( ၇၀ ) မှ ( ၈၀ ) အထိ ခုန်နှုန်းရှိသည် ။ မွေးကင်းစကလေးများတွင် ပျမ်းမျှ (၁၄၀ ) ခန့် ရှိသည် ။ သွေးခုန်နှုန်းသည် လူ၏လှုပ်ရှားမှု ၊ ကျန်းမာမှု အခြေအနေပေါ်တွင် မူတည်၍ ပြောင်းလဲမှု ရှိသည် ။
ခန္ဓာကိုယ်အနှံ့အပြားမှ ညစ်ညမ်းသော သွေးတို့သည် သွေးပြန်ကြောမကြီး ( ၂ ) ခုဖြင့် နှလုံးသို့ ရောက်သည် ။ ၎င်းသွေးတို့သည် အဆုတ်သွေးလွှတ်ကြောမကြီးဖြင့် အဆုတ်သို့ရောက်၍ အောက်စီဂျင်ဓာတ်လဲယူပြီး သန့်စင်သည် ။ သွေးသန့်တို့သည် အဆုတ်သွေးပြန်ကြောမကြီးများဖြင့် နှလုံးသို့ ပြန်ရောက်၍ သွေးကောင်းသွေးသန့်များကို ခန္ဓာကိုယ်အနှံ့အပြားသို့ အေအော်တာ ( Aorta ) ခေါ် သွေးလွှတ်ကြောမကြီးမှတဆင့် သွေးလွှတ်ကြော အဆင့်ဆင့်ဖြင့် ပို့ပေးသည် ။ တစ်ဖန် ခန္ဓာကိုယ်အနှံ့အပြားမှ သွေးညစ်တို့သည် နှလုံးသို့ ပြန်၍ သွေးပြန်ကြောများဖြင့် ရောက်သည် ။ ဤသို့ဖြင့် သွေးသံသရာ လည်ပတ်လျက် ရှိသည် ။
ဒါဆိုရင်တော့ သွေးနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံသိသွားပြီလို့ ယုံကြည်ပါတယ် ။ တစ်စုံတစ်ရာအကျိုးရှိတယ်ဆိုရင်ဖြင့် VAA အဖွဲ့သားများက ဝမ်းသာဂုဏ်ယူနေမှာပါခင်ဗျာ ။
ဒါကြောင့် မိမိကစ တခြားတခြားသူတွေအတွက် ဗဟုသုတရစေရန် Share ပေးခြင်းဖြင့်လည်းကူညီပေးစေလိုပါတယ်။
VAA (VHCA ALUMNI ASSOCIATION)
( ပြည်သူမှပြည်သူသို့ )💪
Comments
Post a Comment