မင်္ဂလာပါ ခင်ဗျာ
VAA Facebook page မှစာဖတ်ပရိတ်သတ်များအတွက် အခုတစ်ခါမှာတော့ အသုံးဝင်စေမယ့်နည်းလမ်းကောင်းလေးတွေကို ပြောပြပေးပါ့မယ် ။
အကျိုးရှိမယ်လို့လည်းယုံကြည်ပါတယ် ။ ရုတ်တရက် အပူလောင်ပြီဆိုရင် ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ကြားဖူးနားဝတွေ လျှောက်လုပ်နေတာမျိုး အများအပြားတွေ့လာရတဲ့အတွက် အပူလောင်ရင်ဘာလုပ်ရမလဲဆိုတာ နဲ့ အပူလောင်ခြင်းအမျိုးမျိုးကို ပြောပြပေးမှာဖြစ်ပါတယ် ။
တစ်စုံတစ်ရာအကျိုးရှိမယ်ဆိုရင် VAA အဖွဲ့သားများက ဝမ်းသာဂုဏ်ယူနေမှာပါခင်ဗျာ ။
ကဲ အပူလောင်ခြင်းအကြောင်းကို စလိုက်ကြရအောင်ခင်ဗျာ 🥰
အပူလောင်ခြင်း နှင့် အရည်ပူလောင်ခြင်း (Burns and Scalds)
အပူလောင်ခြင်းဆိုသည်မှာ အပူ နှင့် ဓာတုဗေဒ ပစ္စည်းများကြောင့် ခန္ဓာကိုယ်၏ အရေပြား (သို့) တစ်ရှူးအသားမျှင်တို့တွင် ဒဏ်ရာ ရခြင်းကို ခေါ်ပါသည်။
အရည်ပူလောင်ခြင်းဆိုသည်မှာ ပူသော အရည် ၊ အငွေ့များကြောင့် ခန္ဓာကိုယ်၏ အရေပြားတွင် ဒဏ်ရာရခြင်းကို ခေါ်ပါသည် ။
♦ အပူလောင်ခြင်း ဖြစ်ရသည့် အကြောင်းအရင်းများ
(၁) မီးလောင်ခြင်း ။ ။ မီးတောက်၊ မီးတောက်နှင့် သက်ဆိုင်စေသည့် အကြောင်းအရင်းများ (ဖယောင်းတိုင်မီး) ၊ပွတ်တိုက်မှုကြောင့် အပူလောင်ခြင်း၊ ပေါက်ကွဲမှုကြောင့် အပူလောင်ခြင်း။
(၂) ပူသော အရည် အငွေ့ ။ ။ ရေနွေးငွေ့ ၊ ရေနွေးပူ ၊ ပူသောအရည်များ (ဥပမာ - လက်ဖက်ရည် ၊ ကော်ဖီ ) ။
(၃) လျှပ်စစ် ဓာတ်ကြောင့် လောင်ကျွမ်းခြင်း ။ ။ အိမ်သုံး ဗို့အားနည်း၊ ဗို့အားကြီး ၊မိုးကြိုးပစ်ခြင်း (သံ ၊ သွပ်၊ ကြေးနီ၊ ရေ) ။
(၄) အအေးဓာတ်ကြောင့်လောင်ကျွမ်းခြင်း။ ။ နှင်းကိုက်ခြင်း၊ အေးခဲနေသော သတ္တုပစ္စည်းများနှင့်ထိတွ့ လောင်ကျွမ်းခြင်း၊ ခဲနေသော အခိုးအငွေ့များနှင့် ထိတွေ့ခြင်း (သို့) အောက်ဆီဂျင် (သို့) နိုက်ထရိုဂျင် အရည်များလောင်ကျွမ်းခြင်း ။
(၅) ဓာတုဗေဒ ပစ္စည်းများလောင်ကျွမ်း ခြင်း။ ။ စက်ရုံသုံးဓာတုဗေဒဆေးအရည် ၊ အငွေ့၊ အိမ်သုံးဓာတုဗေဒဆေးရည်လောင်ကျွမ်းခြင်း၊ အိမ်သုတ်ဆေး ၊ ကော့စတစ်ဆိုဒါ ၊ ပြင်းထန်သော အက်စစ် နှင့် အယ်လ်ကာလီ ။
(၆) နေရောင်ခြည်ကြောင့် လောင်ကျွမ်းခြင်း ။ ။ နေပူလောင်ခြင်း ၊ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများ၍ လောင်ခြင်း ၊ ရေဒီယို ရောင်ခြည်ထိတွေ့ခြင်း။
♦ အပူလောင်ခြင်းအဆင့် (၃) ဆင့်
အပူလောင်ခြင်းကို အောက်ပါအတိုင်း အဆင့် (၃)ဆင့်ဖြင့် ခွဲခြားထားပါသည်။
(၁) နာကျင်ပြီး အရေပြားနီရုံမျှလောင်ခြင်း ၊ အနည်းငယ်ရောင်ခြင်း ။ (ပထမအဆင့်)
(၂) အလွန်အမင်း နာကျင်ပြီး အရေ အပြား နီမြန်း ရောင်ရမ်းကာ မီးလောင်ဖု များ ဖောင်းကြွလာခြင်း၊ အရည်များထွက်လာခြင်း ။ (ဒုတိယအဆင့်)
(၃)အရေပြား၊ ကြွက်သား၊ သွေးကြော၊ အာရုံကြော ၊အရိုးထိအောင် လောင်ကျွမ်းခြင်း ။ (တတိယအဆင့်)
အပူလောင်ခြင်းတွင် တွေ့ရမည့်လက္ခဏာများ
🔴အပူလောင်ခြင်း(ပထမအဆင့်)
- အရေပြားနီရဲခြင်း အထိမခံနိုင်အောင် နာကျင်ပြီး အနည်းငယ် ရောင်ရမ်းခြင်း ။
🔴 အပူလောင်ခြင်း(ဒုတိယအဆင့်)
- အရေပြား နီရဲ ရောင်ရမ်းပြီး မီးလောင်ဖုများဖောင်းကြွခြင်း ။
- ပြင်းထန်သော ဒုတိယအဆင့် လောင်ကျွမ်းမှု ဖြစ်ပေါ်ပါက အရည်ကြည်ဖုများ ဖောင်းကြွခြင်းမရှိဘဲ အရည်များထွက်လာခြင်း ၊ ဖယောင်းသုတ်ထားသကဲ့သို့ ဖြစ်နေခြင်း ။
🔴 အပူလောင်ခြင်း (တတိယအဆင့်)
- အရေပြားနီရဲပြီးပေါက်ပြဲခြင်း ။
- ဒဏ်ရာပတ်ဝန်းကျင်တွင် ပထမနှင့် ဒုတိယ အဆင့် လောင်ကျွမ်းခြင်းတို့ကြောင့် နာကျင်ပြီး ရောင်ရမ်းခြင်း ။
- အရေပြား ကြွက်သား နှင့် အရိုးထိပါလောင်ကျွမ်းခြင်း ။
- လောင်ကျွမ်းသည့်ဒဏ်ရာသည် အာရုံကြောများကို ပျက်စီး၍ နာကျင်မှုမရှိဘဲ သားရေကဲ့သို့ ဖြူနေခြင်း (သို့) မည်းနေခြင်း ၊ အရေပြားခြောက်သွေ့ခြင်း ။
♦ အပူလောင်ခြင်းကိုပြုစုခြင်း
၁။ အပူလောင်သည့်ဒဏ်ရာကိုပြုစုရာတွင် လက်ကို သန့်စင်အောင်ဆေးကြောပါ။
၂။ ပူလောင်နာကျင်သည့်ဒဏ်ရာ သက်သာသည်အထိ ဒဏ်ရာပေါ်သို့ ရေလောင်းပါ။
၃။ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများ၊ နာရီများကို ဒဏ်ရာ မရောင်ရမ်းလာခင် ချွတ်ထားပေးပါ ။
၄။ ဒဏ်ရာပေါ်သို့ သန့်စင်သောပိတ်ပါးစ နှင့် ဖုံးအုပ်ပြီး ပတ်တီးစည်းပါ ။
၅။ အပူလောင်ခြင်း ဒုတိယ အဆင့် နှင့် တတိယအဆင့်ဖြစ်သော လူနာအား ဓာတ်ဆားရည် ၊ လတ်ဆတ်သောသစ်သီးဖျော်ရည် (သို့) ရေအေးအေးကို မကြာခဏ ဖြည်းညှင်းစွာတိုက်ပါ ။
၆။ လူနာကို နွေးထွေးစွာထားပါ ။သွေးဆုတ် သွေးလန့်ခြင်း မဖြစ်အောင်ကာကွယ်ပါ ။ ဖြစ်လာပါက ပြုစုပေးပါ ။
၇။ ဆေးရုံ ဆေးခန်း သို့ ပို့ဆောင်ပါ။
♦ ဓာတုဗေဒ ဆေးရည် လောင်ကျွမ်းခြင်း
ဓာတုဗေဒ ဆေးရည် လောင်ကျွမ်းခြင်းသည် အရေပြား၏ အပြင်လွှာနှင့် အတွင်းလွှာကိုပါ လျင်မြန်စွာ လောင်ကျွမ်းပြီး အပူ လောင်ခြင်း တတိယ အဆင့်ကို ဖြစ်ပေါ်စေသည်။
♦ လက္ခဏာများ
ဓာတု ဆေးရည် လောင်ကျွမ်းသော လူနာတွင် အရေပြားနီရဲခြင်း ၊ အရေပြား ပေါ်တွင် ဓာတုဆေးရည်စွန်းနေခြင်း ။ ပြင်းထန်စွာ နာကျင်ခြင်း ရောင်ရမ်းခြင်း ၊ အရေပြားအရောင် ပြောင်းလဲခြင်း တို့ကို တွေ့ရမည် ဖြစ်ပါသည်။
♦ ပြုစုခြင်း
၁။ ထိခိုက်ဒဏ်ရာ ရရှိသော နေရာ အနီး တစ်ဝိုက်တွင် ဓာတုဆေးရည်ကျန်ရှိခြင်း ရှိ / မရှိ ကြည့်ရှုပါ ။
၂။ လူနာကို လိုအပ်ပါက နေရာ ပြောင်းရွှေ့ပါ ။
၃။ ဒဏ်ရာ နှင့် အနီး တစ်ဝိုက်ကို ရေဖြင့် စင်ကြယ်အောင်ဆေးကြောပါ ။ ရေဖြင့် ဆေးကြောနေစဉ် မိမိ အနေဖြင့် လက်အိတ် ဖိနပ်များကို ဝတ်ထားပါ။
၄။ ဒဏ်ရာပေါ်တွင်ရှိသော အဝတ်များကို ရေလောင်းနေစဉ် ညင်သာစွာ ချွတ်ပေးပါ ။
၅။ ဒဏ်ရာကို ခြောက်သွေ့သန့်စင်သော ပိတ်ပါးစ ဖုံးအုပ်ပြီး ပတ်တီးစည်းခြင်းဖြင့် ရောဂါပိုးမွှား မဝင်ရောက်စေရန် ကာကွယ်ပါ ။
၆။ ဓာတုဗေဒ ဆေးရည် အမည်သိရှိပါက ဆေးရည်အမည်နှင့်အတူ ဆေးရုံ ဆေးခန်းသို့ ပို့ပါ ။
♦ မီးလောင်ခြင်း
မီးလောင်မှုဖြစ်ပွားပါက မိမိနှင့် မိသားစုဝင်များ အသက်အန္တရာယ်ကင်းဝေးစေရန်အတွက် ---
- လောင်ကျွမ်းသည့် နေအိမ်မှ ဘေးကင်းရာသို့ မိသားစု ဝင်တိုင်း ထွက်ခွာပါ ။
- ဘေးပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံပါ ။
- မီးလောင်သည့် အခန်းတံခါး ကို ပိတ်ထားခြင်းဖြင့် မီးကို ဟန့်တားထားပါ ။
- မီးခိုးများ၏ ဝင်ပေါက်များကို ပိတ်ပြီး မီးသတ်ဦးစီးဌာန သို့ အကြောင်းကြားပါ ။
- မိမိနှင့်သူတစ်ပါး အန္တရာယ်မရှိစေရန်အတွက် မီးကို မိမိကိုယ်ကို အန္တရာယ်မရှိစေဘဲ ငြိမ်းသတ်ပါ ။
သင်၏ အဝတ်အစားများ မီးစွဲလောင်နေပါက ---
- ထိတ်လန့် တုန်လှုပ်ခြင်း မပြုဘဲ ပြေးလွှားနေခြင်းကို ရပ်ပါ ။
- မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ပြီး ကြမ်းပြင် ပေါ်သို့လှဲချပါ ။
- မီးငြိမ်းစေရန်အတွက် ကြမ်းပြင်ပေါ်တွင် ဆက်ကာ ဆက်ကာ လှိမ့်ပါ ။
သင့်အနေဖြင့် အဝတ်အစား မီးစွဲလောင်နေသည်ကို တွေ့ရှိပါက ---
- ပြေးလွှားခြင်းကို ရပ်စေပြီး မီးငြိမ်းစေရန်အတွက် ကြမ်းပြင်ပေါ်သို့ လှဲချပြီး ရရာ အဝတ်ဖြင့် ဖုန်းအုပ်ပြီး လှိမ့်ပါ ။
- သင်၏ လက်ကို သန့်ရှင်းစေရန်ဂရုပြုပါ ။
- မီးလောင်နေသော နေရာသို့ ရေများများ လောင်းပါ ။
- လောင်ကျွမ်းသော အဝတ်များ ကို မဖယ်ရှားဘဲ ပိတ်ပါးစ (သို့) သန့်ရှင်းသော ပိတ်စ ဖြင့် ဖုံး အုပ်ပါ ။
- သွေးဆုတ်၊ သွေးလန့်ခြင်း မဖြစ်အောင် ကာကွယ်ပါ ။
- ဆေးရုံ ၊ ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပါ ။
♦ လျှပ်စစ် ဓာတ်အားကြောင့် လောင်ခြင်း
ဒဏ်ရာ ရရှိခြင်းမှာ လျှပ်စစ်ဓာတ်အားများ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားသောကြောင့် ဖြစ်သည် ။ အခြားအပူလောင်ခြင်းထက် နှလုံး ကို ပြင်းထန်စွာ ထိခိုက်နိုင်သောကြောင့် နှလုံး ရုတ်တရက် ရပ်သွား စေနိုင်ပါသည် ။ လျှပ်စစ်ဗို့အား များလျှင်များသလောက် ပြင်းထန်သည့် ဝေဒနာကို ခံစားရပါသည် ။
♦ အထူး လိုက်နာရမည့် အချက်များ
၁။ လူနာသည် ဓာတ်ကြိုးနှင့် တွယ်ကပ်နေပါက အနားသို့ ရုတ်တရက် မသွားပါနှင့် ။ မိမိအား ဓာတ်လိုက်ခြင်းကို ကူးစေပါသည်။
၂။ ဓာတ်တိုင် (သို့) ဓာတ်အားပေးရုံပေါ်ရှိ လူနာ အနီးသို့ မသွားပါနှင့် ။ ဓာတ်အားအလွန်များ၍ အန္တရာယ်အထူးရှိပါသည် ။ ဗို့အားအလွန်များသည့်အခါတွင် သစ်သား အဝတ်အထည် စသည့် ပစ္စည်းများသည်လည်း အကာအကွယ်မပေးနိုင်ပါ ။ တော်ရုံ လေဟာပြင်ကို ဖြတ်၍ ဓာတ်လိုက်တတ်သည် ။
၃။ အခြားကူညီလိုသူများကို ကိုက် ၂၀၀ အကွာမှနေပါစေ။
၄။ နီးစပ်ရာ အကူအညီပေးနိုင်မည့် ဆေးခန်း၊ဆေးရုံကို အကြောင်း ကြားခိုင်းပါ။
၅။ ဓာတ်ကြိုးတွင် လျှပ်စစ်မရှိတော့ခြင်း သေချာမှ (တစ်နည်း) လျှပ်စစ်လိုင်း ဖြတ်တောက်ပြီးခြင်း သေချာမှ လူနာကို ပြုစုပါ ။
၆။ လိုအပ်ပါက အသက်ရှူအားကူနည်းနှင့် နှလုံး နှိုးဆွခြင်း ပြုလုပ်ပေးပါ။
၇။ ဆေးရုံ ၊ ဆေးခန်းသို့ အလျင်အမြန်ပို့ဆောင်ပါ ။
♦ အိမ်သုံး ဗို့အားနည်းသော လျှပ်စစ်ဓာတ်အားလိုက်ခြင်း
အိမ်သုံး ဗို့အားနည်းသော လျှပ်စစ် ဓာတ်အားသည်လည်း ဒဏ်ရာကို ပြင်းထန်စွာ ဖြစ်ပေါ်စေတတ်ပါသည် ။
♦ ပြုစုခြင်း
(က) ခလုတ်ပိတ်ပါ။
(ခ) ပလပ်ဖြုတ်ပါ။
(ဂ) ဓာတ်ကြိုးကို ဖြုတ်လိုက်ပါ။
(ဃ) ခြောက်သွေ့သောနေရာတွင် ရပ်၍ ခုံဖိနပ် (သို့) စားပွဲခုံ စသည်တို့ အပေါ်တွင်တက်၍ ဓာတ်ကြိုးထိသော လူနာ၏ အစိတ်အပိုင်းကို ဝါးလုံး ၊ သတင်းစာလိပ် စသည်တို့ဖြင့် တွန်းပါ ။ အထူး ခြောက်သွေ့ရန် လိုအပ်ပါသည် ။ (ရေမစိုရ)
(င) ဒဏ်ရာကို အထက်ပါ မီးလောင်နာ ပြုစုနည်းအတိုင်း ပြုစုပါ ။ လိုအပ်ပါက အသက်ရှူ အားကူနည်း နှင့် နှလုံးနှိုးဆွခြင်းကို ပြုလုပ်ပါ။
🔺 အထူးမှတ်ချက်🔻 ။ ။ သံ၊ သွပ်၊ ကြေးနီ စသည့် သတ္တုတို့ နှင့် ရေသည်
ဓာတ်လိုက်သော အရာဝတ္ထုများ ဖြစ်သည်။
♦ မိုးကြိုးပစ်ခြင်း
မိုးကြိုးပစ်ခြင်းသည် လျှပ်စစ်ဓာတ်လိုက်ခြင်းပင် ဖြစ်သည်။ ဗို့အား အလွန်များ ၍ ဒဏ်ရာ ပြင်းထန်ပြီး အသက်အန္တရာယ်ဖြစ်စေသည်။ မိုးရွာချိန် ၊ မိုးချုန်းချိန် စသည့်အချိန်တို့တွင် ကွင်းပြင်ထဲ၌ ရပ်နေမိလျှင် အန္တရာယ်ရှိသည် ။ ဓာတ်လိုက်စေတတ်သော သံချောင်း၊ သတ္တု ချောင်း တို့ကို ကိုင်တွယ်ထားမိပါက ပို၍ အန္တရာယ်ရှိသည် ။
♦ ရှောင်ရန်အချက်များ
၁။ အပူလောင်သည့် ဒဏ်ရာပေါ်သို့ မည်သည့် ဆေး အဆီမျှ မလိမ်းရ ။
၂။ အရည်ကြည်ဖုများ မဖောက်ရ။
၃။ အသားစ များကို မညှပ်ရ။
၄။ အပူလောင်သော နေရာတွင် ကပ်နေသောအဝတ်အစား၊ အသုံးအဆောင်များကို ဆွဲဖယ် ၊ ချွတ်ပစ်ခြင်း မပြုလုပ်ရ ။
၅။ ရေခဲရေ မသုံးရ ။
၆။ ပလာစတာ ၊ ဂွမ်း ၊ အမွေးနုချည်ထည် မသုံးရ။
၇။ မီးဖို ချောင် သုံး ဆေးများ မသုံးရ။
၈။ ဆေးပြာရည် မသုံးရ ။
ကဲ စာတွေကိုလည်း ဆုံးအောင်ဖတ်ပြီးပြီ ဆိုတော့ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ် ။
မိမိကစ မိမိပတ်ဝန်းကျင်မှာ ကြုံတွေ့လာခဲ့ရင်လည်း နည်းလမ်းကောင်းလေးတွေပေး ပေးဖို့ နဲ့ အယူအဆအလွဲအမှားတွေကို ယုံကြည်ပြီး လိုက်မလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ---
VAA (VHCA ALUMNI ASSOCIATION)
( ပြည်သူမှပြည်သူသို့ )
🥰🥰🥰🥰🥰
ReplyDelete