Skip to main content

အပူလောင်ခြင်း နှင့် အရည်ပူလောင်ခြင်း (Burns and Scalds)

 မင်္ဂလာပါ ခင်ဗျာ


VAA Facebook page မှစာဖတ်ပရိတ်သတ်များအတွက် အခုတစ်ခါမှာတော့ အသုံးဝင်စေမယ့်နည်းလမ်းကောင်းလေးတွေကို ပြောပြပေးပါ့မယ် ။ 


အကျိုးရှိမယ်လို့လည်းယုံကြည်ပါတယ် ။ ရုတ်တရက် အပူလောင်ပြီဆိုရင် ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ကြားဖူးနားဝတွေ လျှောက်လုပ်နေတာမျိုး အများအပြားတွေ့လာရတဲ့အတွက်  အပူလောင်ရင်ဘာလုပ်ရမလဲဆိုတာ နဲ့ အပူလောင်ခြင်းအမျိုးမျိုးကို ပြောပြပေးမှာဖြစ်ပါတယ် ။ 


တစ်စုံတစ်ရာအကျိုးရှိမယ်ဆိုရင် VAA အဖွဲ့သားများက ဝမ်းသာဂုဏ်ယူနေမှာပါခင်ဗျာ ။


ကဲ အပူလောင်ခြင်းအကြောင်းကို စလိုက်ကြရအောင်ခင်ဗျာ 🥰


အပူလောင်ခြင်း နှင့် အရည်ပူလောင်ခြင်း (Burns and Scalds)


အပူလောင်ခြင်းဆိုသည်မှာ အပူ နှင့် ဓာတုဗေဒ ပစ္စည်းများကြောင့် ခန္ဓာကိုယ်၏ အရေပြား (သို့) တစ်ရှူးအသားမျှင်တို့တွင် ဒဏ်ရာ ရခြင်းကို ခေါ်ပါသည်။ 


အရည်ပူလောင်ခြင်းဆိုသည်မှာ ပူသော အရည် ၊ အငွေ့များကြောင့် ခန္ဓာကိုယ်၏ အရေပြားတွင် ဒဏ်ရာရခြင်းကို ခေါ်ပါသည် ။


♦ အပူလောင်ခြင်း ဖြစ်ရသည့် အကြောင်းအရင်းများ 


(၁) မီးလောင်ခြင်း  ။  ။ မီးတောက်၊ မီးတောက်နှင့် သက်ဆိုင်စေသည့် အကြောင်းအရင်းများ (ဖယောင်းတိုင်မီး) ၊ပွတ်တိုက်မှုကြောင့် အပူလောင်ခြင်း၊ ပေါက်ကွဲမှုကြောင့် အပူလောင်ခြင်း။


(၂) ပူသော အရည် အငွေ့ ။ ။ ရေနွေးငွေ့ ၊ ရေနွေးပူ ၊ ပူသောအရည်များ (ဥပမာ - လက်ဖက်ရည် ၊ ကော်ဖီ ) ။


(၃) လျှပ်စစ် ဓာတ်ကြောင့် လောင်ကျွမ်းခြင်း ။ ။ အိမ်သုံး ဗို့အားနည်း၊  ဗို့အားကြီး ၊မိုးကြိုးပစ်ခြင်း (သံ ၊ သွပ်၊ ကြေးနီ၊ ရေ) ။


(၄) အအေးဓာတ်ကြောင့်လောင်ကျွမ်းခြင်း။ ။ နှင်းကိုက်ခြင်း၊ အေးခဲနေသော သတ္တုပစ္စည်းများနှင့်ထိတွ့ လောင်ကျွမ်းခြင်း၊ ခဲနေသော အခိုးအငွေ့များနှင့် ထိတွေ့ခြင်း (သို့) အောက်ဆီဂျင် (သို့) နိုက်ထရိုဂျင် အရည်များလောင်ကျွမ်းခြင်း ။


(၅) ဓာတုဗေဒ ပစ္စည်းများလောင်ကျွမ်း ခြင်း။ ။ စက်ရုံသုံးဓာတုဗေဒဆေးအရည် ၊ အငွေ့၊ အိမ်သုံးဓာတုဗေဒဆေးရည်လောင်ကျွမ်းခြင်း၊ အိမ်သုတ်ဆေး ၊ ကော့စတစ်ဆိုဒါ ၊ ပြင်းထန်သော အက်စစ် နှင့် အယ်လ်ကာလီ ။


(၆) နေရောင်ခြည်ကြောင့် လောင်ကျွမ်းခြင်း ။ ။ နေပူလောင်ခြင်း ၊ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများ၍ လောင်ခြင်း ၊ ရေဒီယို ရောင်ခြည်ထိတွေ့ခြင်း။


♦ အပူလောင်ခြင်းအဆင့် (၃) ဆင့် 


အပူလောင်ခြင်းကို အောက်ပါအတိုင်း အဆင့် (၃)ဆင့်ဖြင့် ခွဲခြားထားပါသည်။


(၁) နာကျင်ပြီး အရေပြားနီရုံမျှလောင်ခြင်း ၊ အနည်းငယ်ရောင်ခြင်း ။ (ပထမအဆင့်)


(၂) အလွန်အမင်း နာကျင်ပြီး အရေ အပြား နီမြန်း ရောင်ရမ်းကာ မီးလောင်ဖု များ ဖောင်းကြွလာခြင်း၊ အရည်များထွက်လာခြင်း ။ (ဒုတိယအဆင့်)


(၃)အရေပြား၊ ကြွက်သား၊ သွေးကြော၊ အာရုံကြော ၊အရိုးထိအောင် လောင်ကျွမ်းခြင်း ။ (တတိယအဆင့်)


အပူလောင်ခြင်းတွင် တွေ့ရမည့်လက္ခဏာများ


 🔴အပူလောင်ခြင်း(ပထမအဆင့်)


- အရေပြားနီရဲခြင်း အထိမခံနိုင်အောင် နာကျင်ပြီး အနည်းငယ် ရောင်ရမ်းခြင်း ။


🔴 အပူလောင်ခြင်း(ဒုတိယအဆင့်)


- အရေပြား နီရဲ ရောင်ရမ်းပြီး မီးလောင်ဖုများဖောင်းကြွခြင်း ။

- ပြင်းထန်သော ဒုတိယအဆင့် လောင်ကျွမ်းမှု ဖြစ်ပေါ်ပါက အရည်ကြည်ဖုများ ဖောင်းကြွခြင်းမရှိဘဲ အရည်များထွက်လာခြင်း ၊ ဖယောင်းသုတ်ထားသကဲ့သို့ ဖြစ်နေခြင်း ။


🔴 အပူလောင်ခြင်း (တတိယအဆင့်)


- အရေပြားနီရဲပြီးပေါက်ပြဲခြင်း ။

- ဒဏ်ရာပတ်ဝန်းကျင်တွင် ပထမနှင့် ဒုတိယ အဆင့် လောင်ကျွမ်းခြင်းတို့ကြောင့် နာကျင်ပြီး ရောင်ရမ်းခြင်း ။

- အရေပြား ကြွက်သား နှင့် အရိုးထိပါလောင်ကျွမ်းခြင်း ။

- လောင်ကျွမ်းသည့်ဒဏ်ရာသည် အာရုံကြောများကို ပျက်စီး၍ နာကျင်မှုမရှိဘဲ သားရေကဲ့သို့ ဖြူနေခြင်း (သို့) မည်းနေခြင်း ၊ အရေပြားခြောက်သွေ့ခြင်း ။


♦ အပူလောင်ခြင်းကိုပြုစုခြင်း

 

၁။ အပူလောင်သည့်ဒဏ်ရာကိုပြုစုရာတွင် လက်ကို သန့်စင်အောင်ဆေးကြောပါ။


၂။ ပူလောင်နာကျင်သည့်ဒဏ်ရာ သက်သာသည်အထိ ဒဏ်ရာပေါ်သို့ ရေလောင်းပါ။


၃။ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများ၊ နာရီများကို ဒဏ်ရာ မရောင်ရမ်းလာခင် ချွတ်ထားပေးပါ ။


၄။ ဒဏ်ရာပေါ်သို့ သန့်စင်သောပိတ်ပါးစ နှင့် ဖုံးအုပ်ပြီး ပတ်တီးစည်းပါ ။


၅။ အပူလောင်ခြင်း ဒုတိယ အဆင့် နှင့် တတိယအဆင့်ဖြစ်သော လူနာအား ဓာတ်ဆားရည် ၊ လတ်ဆတ်သောသစ်သီးဖျော်ရည် (သို့) ရေအေးအေးကို မကြာခဏ ဖြည်းညှင်းစွာတိုက်ပါ ။


၆။ လူနာကို နွေးထွေးစွာထားပါ ။သွေးဆုတ် သွေးလန့်ခြင်း မဖြစ်အောင်ကာကွယ်ပါ ။ ဖြစ်လာပါက ပြုစုပေးပါ ။


၇။ ဆေးရုံ ဆေးခန်း သို့ ပို့ဆောင်ပါ။


♦ ဓာတုဗေဒ ဆေးရည် လောင်ကျွမ်းခြင်း


ဓာတုဗေဒ ဆေးရည် လောင်ကျွမ်းခြင်းသည် အရေပြား၏ အပြင်လွှာနှင့် အတွင်းလွှာကိုပါ  လျင်မြန်စွာ လောင်ကျွမ်းပြီး အပူ လောင်ခြင်း တတိယ အဆင့်ကို ဖြစ်ပေါ်စေသည်။


♦ လက္ခဏာများ


ဓာတု ဆေးရည် လောင်ကျွမ်းသော လူနာတွင် အရေပြားနီရဲခြင်း ၊ အရေပြား ပေါ်တွင် ဓာတုဆေးရည်စွန်းနေခြင်း ။ ပြင်းထန်စွာ နာကျင်ခြင်း ရောင်ရမ်းခြင်း ၊ အရေပြားအရောင် ပြောင်းလဲခြင်း တို့ကို တွေ့ရမည် ဖြစ်ပါသည်။


♦ ပြုစုခြင်း


၁။ ထိခိုက်ဒဏ်ရာ ရရှိသော နေရာ အနီး တစ်ဝိုက်တွင်  ဓာတုဆေးရည်ကျန်ရှိခြင်း  ရှိ / မရှိ ကြည့်ရှုပါ ။


၂။ လူနာကို လိုအပ်ပါက နေရာ ပြောင်းရွှေ့ပါ ။


၃။ ဒဏ်ရာ နှင့် အနီး တစ်ဝိုက်ကို ရေဖြင့် စင်ကြယ်အောင်ဆေးကြောပါ ။ ရေဖြင့် ဆေးကြောနေစဉ် မိမိ အနေဖြင့် လက်အိတ် ဖိနပ်များကို ဝတ်ထားပါ။


၄။ ဒဏ်ရာပေါ်တွင်ရှိသော အဝတ်များကို ရေလောင်းနေစဉ် ညင်သာစွာ ချွတ်ပေးပါ ။


၅။ ဒဏ်ရာကို ခြောက်သွေ့သန့်စင်သော ပိတ်ပါးစ ဖုံးအုပ်ပြီး ပတ်တီးစည်းခြင်းဖြင့်  ရောဂါပိုးမွှား မဝင်ရောက်စေရန် ကာကွယ်ပါ ။


၆။ ဓာတုဗေဒ ဆေးရည် အမည်သိရှိပါက ဆေးရည်အမည်နှင့်အတူ  ဆေးရုံ ဆေးခန်းသို့ ပို့ပါ ။


♦ မီးလောင်ခြင်း


မီးလောင်မှုဖြစ်ပွားပါက မိမိနှင့် မိသားစုဝင်များ အသက်အန္တရာယ်ကင်းဝေးစေရန်အတွက် ---


- လောင်ကျွမ်းသည့် နေအိမ်မှ ဘေးကင်းရာသို့  မိသားစု ဝင်တိုင်း ထွက်ခွာပါ ။

- ဘေးပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံပါ ။

- မီးလောင်သည့် အခန်းတံခါး ကို ပိတ်ထားခြင်းဖြင့် မီးကို ဟန့်တားထားပါ ။

- မီးခိုးများ၏ ဝင်ပေါက်များကို ပိတ်ပြီး မီးသတ်ဦးစီးဌာန သို့ အကြောင်းကြားပါ ။

- မိမိနှင့်သူတစ်ပါး အန္တရာယ်မရှိစေရန်အတွက် မီးကို မိမိကိုယ်ကို အန္တရာယ်မရှိစေဘဲ ငြိမ်းသတ်ပါ ။


သင်၏ အဝတ်အစားများ မီးစွဲလောင်‌နေပါက ---


- ထိတ်လန့် တုန်လှုပ်ခြင်း မပြုဘဲ  ပြေးလွှားနေခြင်းကို ရပ်ပါ ။


- မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ပြီး ကြမ်းပြင် ပေါ်သို့လှဲချပါ ။


- မီးငြိမ်းစေရန်အတွက် ကြမ်းပြင်ပေါ်တွင် ဆက်ကာ ဆက်ကာ လှိမ့်ပါ ။


သင့်အနေဖြင့် အဝတ်အစား မီးစွဲလောင်‌နေသည်ကို တွေ့ရှိပါက ---


- ပြေးလွှားခြင်းကို ရပ်စေပြီး မီးငြိမ်းစေရန်အတွက် ကြမ်းပြင်ပေါ်သို့  လှဲချပြီး ရရာ အဝတ်ဖြင့် ဖုန်းအုပ်ပြီး လှိမ့်ပါ ။


- သင်၏ လက်ကို သန့်ရှင်းစေရန်ဂရုပြုပါ ။


- မီးလောင်နေသော နေရာသို့ ရေများများ လောင်းပါ ။


- လောင်ကျွမ်းသော အဝတ်များ ကို  မဖယ်ရှားဘဲ ပိတ်ပါးစ (သို့) သန့်ရှင်းသော ပိတ်စ ဖြင့် ဖုံး အုပ်ပါ ။ 


- သွေးဆုတ်၊ သွေးလန့်ခြင်း မဖြစ်အောင် ကာကွယ်ပါ ။


- ဆေးရုံ ၊ ဆေးခန်းသို့ အမြန်ဆုံး  ပို့ဆောင်ပါ ။


♦ လျှပ်စစ် ဓာတ်အားကြောင့် လောင်ခြင်း


ဒဏ်ရာ ရရှိခြင်းမှာ လျှပ်စစ်ဓာတ်အားများ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားသောကြောင့် ဖြစ်သည် ။ အခြားအပူလောင်ခြင်းထက်  နှလုံး ကို ပြင်းထန်စွာ ထိခိုက်နိုင်သောကြောင့် နှလုံး ရုတ်တရက် ရပ်သွား စေနိုင်ပါသည် ။ လျှပ်စစ်ဗို့အား များလျှင်များသလောက် ပြင်းထန်သည့် ဝေဒနာကို ခံစားရပါသည် ။


♦ အထူး လိုက်နာရမည့် အချက်များ


၁။ လူနာသည် ဓာတ်ကြိုးနှင့် တွယ်ကပ်နေပါက အနားသို့ ရုတ်တရက် မသွားပါနှင့် ။ မိမိအား ဓာတ်လိုက်ခြင်းကို ကူးစေပါသည်။


၂။ ဓာတ်တိုင် (သို့) ဓာတ်အားပေးရုံပေါ်ရှိ  လူနာ အနီးသို့ မသွားပါနှင့် ။ ဓာတ်အားအလွန်များ၍ အန္တရာယ်အထူးရှိပါသည် ။ ဗို့အားအလွန်များသည့်အခါတွင် သစ်သား အဝတ်အထည် စသည့် ပစ္စည်းများသည်လည်း အကာအကွယ်မပေးနိုင်ပါ ။ တော်ရုံ လေဟာပြင်ကို ဖြတ်၍ ဓာတ်လိုက်တတ်သည် ။


၃။ အခြားကူညီလိုသူများကို ကိုက် ၂၀၀ အကွာမှနေပါစေ။


၄။ နီးစပ်ရာ အကူအညီပေးနိုင်မည့် ဆေးခန်း၊ဆေးရုံကို အကြောင်း ကြားခိုင်းပါ။


၅။ ဓာတ်ကြိုးတွင် လျှပ်စစ်မရှိတော့ခြင်း သေချာမှ (တစ်နည်း) လျှပ်စစ်လိုင်း ဖြတ်တောက်ပြီးခြင်း သေချာမှ လူနာကို ပြုစုပါ ။ 


၆။ လိုအပ်ပါက အသက်ရှူအားကူနည်းနှင့် နှလုံး နှိုးဆွခြင်း ပြုလုပ်ပေးပါ။


၇။ ဆေးရုံ ၊ ဆေးခန်းသို့ အလျင်အမြန်ပို့ဆောင်ပါ ။


♦ အိမ်သုံး ဗို့အားနည်းသော လျှပ်စစ်ဓာတ်အားလိုက်ခြင်း


အိမ်သုံး ဗို့အားနည်းသော လျှပ်စစ် ဓာတ်အားသည်လည်း ဒဏ်ရာကို ပြင်းထန်စွာ ဖြစ်ပေါ်စေတတ်ပါသည် ။


♦ ပြုစုခြင်း


(က) ခလုတ်ပိတ်ပါ။

(ခ) ပလပ်ဖြုတ်ပါ။

(ဂ) ဓာတ်ကြိုးကို ဖြုတ်လိုက်ပါ။

(ဃ) ခြောက်သွေ့သောနေရာတွင် ရပ်၍ ခုံဖိနပ် (သို့) စားပွဲခုံ စသည်တို့ အပေါ်တွင်တက်၍ ဓာတ်ကြိုးထိသော လူနာ၏ အစိတ်အပိုင်းကို  ဝါးလုံး ၊ သတင်းစာလိပ် စသည်တို့ဖြင့် တွန်းပါ ။ အထူး ခြောက်သွေ့ရန် လိုအပ်ပါသည် ။ (ရေမစိုရ)


(င) ဒဏ်ရာကို အထက်ပါ မီးလောင်နာ ပြုစုနည်းအတိုင်း ပြုစုပါ ။ လိုအပ်ပါက အသက်ရှူ အားကူနည်း နှင့် နှလုံးနှိုးဆွခြင်းကို ပြုလုပ်ပါ။ 


🔺 အထူးမှတ်ချက်🔻 ။   ။ သံ၊ သွပ်၊ ကြေးနီ စသည့် သတ္တုတို့ နှင့် ရေသည် 

ဓာတ်လိုက်သော အရာဝတ္ထုများ ဖြစ်သည်။


♦ မိုးကြိုးပစ်ခြင်း


မိုးကြိုးပစ်ခြင်းသည် လျှပ်စစ်ဓာတ်လိုက်ခြင်းပင် ဖြစ်သည်။ ဗို့အား အလွန်များ ၍ ဒဏ်ရာ ပြင်းထန်ပြီး အသက်အန္တရာယ်ဖြစ်စေသည်။ မိုးရွာချိန် ၊ မိုးချုန်းချိန် စသည့်အချိန်တို့တွင် ကွင်းပြင်ထဲ၌ ရပ်နေမိလျှင် အန္တရာယ်ရှိသည် ။ ဓာတ်လိုက်စေတတ်သော သံချောင်း၊ သတ္တု ချောင်း တို့ကို  ကိုင်တွယ်ထားမိပါက ပို၍ အန္တရာယ်ရှိသည် ။


♦ ရှောင်ရန်အချက်များ


၁။ အပူလောင်သည့် ဒဏ်ရာပေါ်သို့  မည်သည့် ဆေး အဆီမျှ မလိမ်းရ ။ 


၂။ အရည်ကြည်ဖုများ မဖောက်ရ။


၃။ အသားစ များကို မညှပ်ရ။


၄။ အပူလောင်သော နေရာတွင် ကပ်နေသောအဝတ်အစား၊  အသုံးအဆောင်များကို ဆွဲဖယ် ၊ ချွတ်ပစ်ခြင်း မပြုလုပ်ရ ။ 


၅။ ရေခဲရေ မသုံးရ ။


၆။ ပလာစတာ ၊ ဂွမ်း ၊ အမွေးနုချည်ထည် မသုံးရ။


၇။ မီးဖို ချောင် သုံး ဆေးများ မသုံးရ။


၈။ ဆေးပြာရည် မသုံးရ ။


ကဲ စာတွေကိုလည်း ဆုံးအောင်ဖတ်ပြီးပြီ ဆိုတော့ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ် ။


မိမိကစ မိမိပတ်ဝန်းကျင်မှာ ကြုံတွေ့လာခဲ့ရင်လည်း နည်းလမ်းကောင်းလေးတွေပေး ပေးဖို့ နဲ့ အယူအဆအလွဲအမှားတွေကို ယုံကြည်ပြီး လိုက်မလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ် --- 


 VAA (VHCA ALUMNI ASSOCIATION) 

( ပြည်သူမှပြည်သူသို့ )

Comments

Post a Comment

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...