အစာအိမ်ကင်ဆာ ( Gastric Cancer )
အစာအိမ်ကင်ဆာ ဆိုတာ အသိနောက်ကျတတ်တဲ့ ကင်ဆာတွေထဲက တစ်ခုပါ ။ ဒါကြောင့် သိပြီဆိုရင် အဆင့် ၃ ၊ ၄လောက် နဲ့ တခြားနေရာတွေကို ပြန့်နှံ့နှင့်ပြီး ဖြစ်တတ်ပါတယ် ။ အဖြစ်အများဆုံး ကင်ဆာတွေထဲမှာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ် ။
အစာအိမ်ဆိုတာ အက်စစ်တွေ နဲ့ ပြည့်နေပေမယ့် အထဲကို ဝင်လာသမျှ အစားအစာတွေကို အကောင်းအဆိုး မရွေး ချေဖျက်ပေးရတာလည်း သူပါပဲ ။ အထူးသဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ အစားအသောက်တွေ တော်တော်များများမှာ ဆိုးဆေးတွေ ၊ တာရှည်ခံအောင် လုပ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် အစာအိမ်က ပိုပြီး ဒဏ်ခံရပါတယ် ။
အစာအိမ်က အကြီးကြီးဖြစ်သလို သူ့ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ကင်ဆာ ဖြစ်နိုင်ပါတယ် ။ ဥပမာ - အစာရေမျိုပြွန် နဲ့ ဆက်တဲ့နေရာမှာ ဖြစ်မလား ၊ ကိုယ်ထည်မှာ ဖြစ်မလား ၊ ထိပ်ပိုင်းမှာ ဖြစ်မလား ၊ အူ နဲ့ ဆက်တဲ့ နေရာနားမှာ ဖြစ်မလား နေရာအစုံမှာ ဖြစ်နိုင်ပါတယ် ။
ကင်ဆာ အမျိုးအစားကလည်း အလုံးအကျိတ်လား ၊ အနာကျိတ်လား ၊ အချွဲထုတ်တဲ့ ဂလင်းတွေက ဖြစ်လာတဲ့ ကင်ဆာကျိတ်လား စသဖြင့် အမျိုးမျိုး ရှိပါတယ် ။
ခက်တာက အစာအိမ်ကင်ဆာမှာ ကင်ဆာရယ်လို့ ပြောဖို့ လက္ခဏာ သီးသန့် မရှိတာပါပဲ ။ ဒါကြောင့် ဖြစ်လို့ ဖြစ်မှန်းတောင် မသိဘဲ ရောဂါကို မွေးထားသလို ဖြစ်ပြီး သိတဲ့အချိန်ကျတော့ ရောဂါက ရင့်နေပါပြီ ဖြစ်တတ်ပါတယ် ။ ဒါကြောင့် အောက်က လက္ခဏာလေးတွေ ရှိလာရင် သတိထားပေးပါ ။
🏵 အစာအိမ်ကင်ဆာ မှာ အတွေ့ရများတဲ့ လက္ခဏာများ
အစပိုင်းမှာဆိုရင်-
♦အစာမကြေဘူး
♦ လေပွမယ်
♦ ဗိုက်ကယ်မယ်
♦ ပျို့မယ်
♦ အစားအသောက် ပျက်မယ် စတာတွေ ဖြစ်နိုင်ပါတယ် ။
ဒီလက္ခဏာတွေ ခံစားရတိုင်း အစာအိမ်ကင်ဆာတော့ မဟုတ်ပါဘူး ။ သာမန်လူတွေမှာလည်း ရံဖန်ရံခါ ဒီလိုပဲ ဖြစ်တတ်ပါတယ် ။ ဒါပေမယ့် ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ် ဖြစ်လာရင် ၊ အရင်က ဒီလို ဖြစ်လေ့ဖြစ်ထမရှိဘဲ နဲ့ ခုမှ စဖြစ်လာရင် ၊ အသက် ၄၀ ကျော် မှာ စဖြစ်လာရင်တော့ သတိထားသင့်ပါတယ် ။
ဆရာဝန် နဲ့ တိုင်ပင်ပြီး လိုအပ်ရင် အစာအိမ်မှန်ပြောင်းလေး ကြည့်သင့်ပါတယ် ။ ပိုရန်ကောလို့ မထင်ပါနဲ့ ။ စောစောသိလေ ကုလို့ရလေပါပဲ ။
အဲ့ဒါကနေ နောက်ပိုင်း ရောဂါရင့်လာရင်တော့ -
♦ ဗိုက်အောင့်တာ
♦ ဝမ်းထဲမှာ သွေးပါတာ -ကင်ဆာကျိတ်က သွေးထွက်တတ်ပါတယ်
♦ အန်တာ – သိသာတဲ့အချက်က အစာအိမ်ထဲမှာ အကျိတ်ခံနေတာကြောင့် အရင်လို မစားနိုင်ပါဘူး ။ မနက်စာကို ပုံမှန်အတိုင်း စားနိုင်ပေမယ့် နေ့လယ်စာ ၊ ညစာ နည်းသွားပါတယ်။ တချို့ဆို ညစာ လုံးဝ မစားနိုင်တော့ပါဘူး ။ ဗိုက်တင်းနေလွန်းလို့ လက်ထိုးပြီး အန်မှ နေသာပါတယ်လို့ လူနာတွေ ပြောကြပါတယ် ။
♦ မျိုချရခက်တာ – အထူးသဖြင့် အစာရေမျိုပြွန်နဲ့ ဆက်နေတဲ့ နေရာက ကင်ဆာတွေဆို ပိုဖြစ်တတ်ပါတယ် ။
♦ ဗိုက်မှာ အလုံးစမ်းမိတာ
♦ တဖြည်းဖြည်း ပိန်လာတာ – တချို့များဆို လပိုင်းအတွင်းမှာတင် အရိုးပေါ် အရေတင် ဖြစ်လာပါတယ် ။ အစားအသောက်ပျက်တာ ၊ မျိုချရမကောင်းတာ ၊ အန်ထွက်တာ စတာတွေကြောင့် အာဟာရချို့တဲ့ လာလို့ပါ ။
ဒီအခြေအနေဆိုရင်တော့ ခပ်မြန်မြန်လေး ဆေးရုံသွားလိုက်တာ ကောင်းပါတယ် ။
🏵 ဘာကြောင့် အစာအိမ်ကင်ဆာ ဖြစ်လာတာလဲ
ဒီလောက်ဆိုးတဲ့ ရောဂါ ဘာလို့ ဖြစ်လာရတာလဲဆိုတာ အသေအချာတော့ မပြောနိုင်သေးပါဘူး ။ ထုံးစံအတိုင်း ကင်ဆာတွေရဲ့ သဘောအရ ဒီအန်အေ နဲ့ ဆဲလ်ပွားတာတွေ ပုံစံမမှန်လို့ ဖြစ်ရတာပါ ။
💠 ဒါပေမယ့် ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲဆိုတောတော့ သိကြပါတယ် ။
အဝလွန်တာ ၊ စားချဉ့်ပြန်ရည် ဆန်တက်တဲ့ ရောဂါရှိရင် အစာရေမျိုပြွန် နဲ့ ဆက်တဲ့ နေရာမှာ ကင်ဆာဖြစ်တတ်ပါတယ် ။ အဲ့ဒီနေရာက ဆဲလ်တွေက အက်စစ်ဒဏ် ခံရတာကြောင့် ခဏခဏ ပျက်စီးကုန်လို့ပါ ။
♦ အသီးအရွက်အစားနည်းတဲ့သူတွေ
♦ ကျပ်တင်ထားတဲ့ အစားအစာ စားတဲ့သူတွေ
♦ အငန်စားတဲ့သူတွေ
♦ အကင်စားတဲ့သူတွေ
♦ မိသားစုမှာ အစာအိမ်ကင်ဆာ မျိုးရိုးရှိရင်
♦ H. pylori လို့ ခေါ်တဲ့ အစာအိမ်ရောင်စေတဲ့ ဘက်တီးရီးယား ခဏခဏ ကူးစက်ခံရရင်
♦ နာတာရှည် အစာအိမ်ရောင်ရင်
♦ Pernicious anemia လို့ ခေါ်တဲ့ သွေးအားနည်းရောဂါတစ်မျိုး ရှိနေရင်
♦ ဆေးလိပ်စွဲသောက်ရင်
♦ အစာအိမ်မှာ အသားပို အလုံးတွေ ရှိနေရင် ဖြစ်နိုင်ခြေ များပါတယ်။
နောက်ပြီး ထူးထူးခြားခြား အေ သွေးသမားတွေက ပိုဖြစ်နိုင်ပါတယ် တဲ့ ။
ဒါကတော့ ခိုင်လုံတဲ့ အထောက်အထားတွေ ထပ်ရှာရဦးမှာပါ ။
🏵 ဒါဆို ကင်ဆာ မဖြစ်အောင် ဘယ်လိုနေကြမလဲ
ကင်ဆာ မဖြစ်ချင်ရင် ခုနကပြောတဲ့အချက်တွေကို ရှောင်ရုံပါပဲ ။ မျိုးရိုးဗီဇကြောင့် ဖြစ်တာကို ရှောင်လို့မရပေမယ့် ကိုယ့်ရဲ့ နေထိုင် စားသောက်ပုံကို ပြောင်းလဲလိုက်ရင် အထိုက်အလျောက် ကာကွယ်နိုင်မှာပါ ။
ဥပမာ - ပြောရရင်
🔴 လေ့ကျင့်ခန်းလုပ်ပါ ။ လေ့ကျင့်ခန်းလုပ်လို့ ဝိတ်ကျရင် ကင်ဆာဖြစ်နိုင်ခြေလည်း နည်းသွားပါတယ် ။
🔴 အသီးအရွက် စားပါ ။ နေ့စဉ်စားသုံးတဲ့ထဲမှာ အသီးအရွက် ပါပါစေ ။
🔴 အငန်လျှော့ပါ ။ ကင်ထားတာတွေ ၊ ပြုပြင်ထားတဲ့ အစားအသောက်တွေ ၊ တာရှည်ခံပစ္စည်းပါတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ လျှော့စားပါ ။
🔴 ဆေးလိပ်မသောက်ပါနဲ့ ။ သောက်နေရင် ဖြတ်လိုက်ပါ ။ ဆေးလိပ်က အစာအိမ်ကင်ဆာ အပါအဝင် တခြားကင်ဆာတွေကိုလည်း ဖြစ်စေပါတယ် ။
🔴 အစာအိမ်ရောင်တာကို အမြစ်ပြတ်အောင်ကုပါ ။ အစာအိမ်ရောင်ခြင်းရဲ့ အဓိက တရားခံက H. pylori ဘက်တီးရီးယားပါပဲ ။ ဒါက ပိုးသတ်ဆေးကို စနစ်တကျသောက်ရင် ပျောက်ပါတယ် ။ ဒါကြောင့် ရောဂါကို မွေးမထားဘဲ မြန်မြန်ကုလိုက်ပါ ။ ခဏခဏ ရောင်နေရင် ကြာလာရင် ကင်ဆာ ပြောင်းသွားပါလိမ့်မယ် ။
အစာအိမ်ထိခိုက်စေတဲ့ အပြုအမူတွေကို ရှောင်ပါ ။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေပါ ။ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ကို သွေးယိုစေတာ ၊ အနာဖြစ်စေတာကြောင့် ကြာလာရင် ကင်ဆာ ဖြစ်လာတတ်ပါတယ် ။ အကိုက်အခဲ ပျောက်ဆေးတွေကို စွဲသောက်မယ့်အစား ဆရာဝန် နဲ့ ပြပြီး သေချာကုပါ ။
ဒီလောက်ဆိုရင် အစာအိမ်ကင်ဆာကို ရာနှုန်းပြည့်မဟုတ်တောင် အထိုက်အလျောက်တော့ ကာကွယ်နိုင်မှာဖြစ်ပါတယ် ။

Comments
Post a Comment