လိုအပ်ချက်
နေသူရိန် လူထုအစည်းအဝေး အပြီးတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးရေချိန်မှာ မြင့်တက်နေသည့် အချိန်ဖြစ်သည် ။ လွတ်လပ်ရေးကို အရယူရန်အတွက် လူထု ၊ ဖဆပလ ၊ CPB ၊ ပြည်သူ့ရဲဘော်ပါတီ နှင့် ဆိုရှယ်လစ်ပါတီတို့ရဲ့ တပ်ပေါင်းစုကြီးလည်း ရှိနေခဲ့သည် ။ လက်နက်ကိုင် အင်အားစုအနေ နှင့် စစ်တပ်မှာလည်း အဆင့်သင့် ရှိနေခဲ့ပေသည် ။ ၁၉၄၇ ဖေဖော်ဝါရီလတွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်အရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိုပါ တည်ဆောက်နိုင်ခဲ့ရာ လွတ််လပ်ရေးမှာ လက်တစ်ကမ်းအလိုမဟုတ် မျက်တောင်တစ်ခတ် အချိန်အတွင်းမှာပင် ယူနိုင်တော့မည် ဖြစ်သည် ။ သို့သော်.....လိုအပ်ချက် တစ်ခုရှိနေသည် ။
၁၉၄၇ ခုနှစ် ၇လပိုင်း ၁၀ရက်နေ့တွင် ပုလိပ်လက်နက်တိုက်မှ ကပ္ပတိန်ဗီဗီယန်း၏ အကူအညီဖြင့် ဂဠုန်ဦးစော နှင့် သူ့၏အပေါင်းအပါများမှာ ဘရင်းဂန်းအလက်၂၀၀ နှင့် စတင်းဂန်းများ ကျည်များကို ပုလိပ်ယောင်ဆောင်ကာ ထုတ်ယူသွားခဲ့သည် ။ ဗိုလ်ချုပ်အောင်ဆန်းမှာလည်း ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပနေကျ ကတ်ဘိနက်အစည်းအဝေး မှာ လွှတ်တော် နှင့် တိုက်နေသည့်အတွက် ရုံးပိတ်ရက်ဖြစ်သော စနေနေ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ရာ ကံကြမ္မာမှာ တည့်တည့်ကြီးကို ငင်ပါတော့သည် ။ ဦးစောမှာ ဖက်ဆစ်ဆန့်ကျင်ရေးကာလတွင် အာဖရိကတိုက်၏ တစ်နေရာတွင် ဗြိတိသျှအစိုးရ၏ ထောင်ချထားခြင်းကို ခံရပြီးမှ ပြန်လွတ်လာခြင်းဖြစ်သည် ။ ထိုကြောင့် ဦးစော၏နိုင်ငံရေးရေချိန်မှာ စစ်ကြီးမတိုင်မီက အတွေးအခေါ်သာ ရှိသည် ။ ဦးစောသည် မြန်မာပြည်သူတို့၏ လိုလားတောင်းတမှု နှင့် ဆန္ဒကို မသိချေ ။ သူ၏ အတွေးမှာ လုပ်ကြံမှုအောင်မြင်၍ ဗိုလ်ချုပ်မရှိတော့လျှင် နိုင်ံရေးအရ သူကိုယ်သူ အရေးပါသောကြောင့် နေရာယူနိုင်မည်ဟု ယူဆထားသူ ဖြစ်သည် ။
ဒီနေရာတွင် သတိထားစရာ တစ်ခုရှိ၏ ။ ဦးစောသည် ဗိုလ်ချုပ်အား ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုကြောင့် လုပ်ကြံခြင်းမှာ လုံးဝမဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ပုဂ္ဂိုလ်ရေး လုပ်ကြံမှုသာမှန်လျှင် ဗိုလ်ချုပ်အား တစ်ဦးတည်း လွယ်ကူစွာ လုပ်ကြံရန် အခြေအနေများစွာ ရှိပါသည် ။ ယခုအခြေအနေသည် ကတ်ဘိနတ်ဝန်ကြီးများ တစ်နည်းပြောရလျှင် အစိုးရအဖွဲ့အားလုံးကို လုပ်ကြံရေး အစီအစဥ်ဖြစ်သည် ဆိုသည်မှာ သခင်နုကိုပါ လုပ်ကြံရန် ကြိုးစားမှုက အထင်အရှားဖြစ်သည် ။
လွတ်မြောက်သွားသူထဲတွင် ပျော်ဘွယ်ဦးမြ နှင့် ဦးဘဂျမ်းတို့က ခုံအောက်ကို ဝပ်နေလိုက်၍ လွတ်မြောက်သွားသည် ။ သခင်နု ( နောင် ဝန်ကြီးချုပ် ) က ရုံးမတက်ဖြစ်၍ လွတ်မြောက်သွားလေသည် ။
ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေလျှင် တိုင်းပြည်မှာ ဒီထက်မကောင်းရင်တောင် ဒီလောက်ဆိုးစရာအခြေအနေမရှိဟု ယူဆရသည် ။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နှင့် ကိုယ့်ပိုင်ပြဌာန်းခွင့်များကို လေးစားတန်ဖိုးထားသူ ဖြစ်သလို နိုင်ငံရေးပါတီများ ( ဖဆပလ ၊ ပြည်သူ့ရဲဘော် ၊ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ဆိုရှယ်လစ်ပါတီ ) ၏ အားထားမှုကို ပုဂ္ဂိုလ် ရေးအရ ရရှိခဲ့သည် ။ ထို့ကြောင့် ဖဆပလ နှင့် ကွန်မြူနစ်တို့၏ အကွဲအပြဲများကိုလည်း နိုင်ငံခေါင်းဆောင်တစ်ယောက်အနေ ဖြင့် ဖြေရှင်းပေးနိုင်မည် ။ ပင်လုံကတိကဝတ်ကိုလည်း တည်ပေးန်ိုင်မည် ( တစ်နည်း ) တည်နိုင်အောင်ကြိုးစားလိမ့်မည် ။ ထို့ကြောင့် ပြည်တွင်းစစ်ကိုအထိုက်အလျောက် တားနိုင်မည်မှာ မလွဲမသေပင် ဖြစ်ပါလိမ့်မည် ။ စစ်တပ်ကြီးစိုး၍ လွှတ်တော်အနေ နှင့် လုပ်ပိုင်ခွင့်မရှိသော နိုင်ငံရေးအခြေအနေကို မကြိုက်ဟု ပွင့်ပွင့်လင်လင်း ပြောကြားခဲ့ဖူး၍ အာဏာသိမ်းမှုများကို ဆန့်ကျင်မည်မှာ အမှန်ပင်ဖြစ်ပေသည် ။
လွတ်လပ်ရေးတော့ရသည် ။ လွတ်တော့မလွတ်သေးသော အခြေအနေများကို ကြုံခဲ့ရသည်မှာ လွတ်လပ်ရေးနှစ်ပတ်လည်နေ့များ ကျင်းပသည့် နှစ်များ နှင့် တစ်ထပ်တည်းဖြစ်သည် ။ လွတ်လပ်ရေးကို အရယူနိုင်သည့် ရုပ်ပိုင်းဆိုင်ရာအရ ပြည့်စုံမှုတွေရှိသော်လည်း လိုအပ်ချက်မှာ ဂဠုန်ဦးစောလို နိုင်ငံရေးရေချိန်မမြင့်ဘဲ အတ္တကြီးသော သူများ များပြားနေခြင်းကြောင့် တိုင်းပြည်မှာ နစ်သထက်နစ် မွန်းသထက်မွန်းနေခဲ့သည်မှာ ၁၉၄၇ ဇူလိုင်လကတည်းဖြစ်ပါတော့သည် ။
ကောင်းဆက်ဟိန်း ၁၂.၇.၂၀၂၃

Comments
Post a Comment