Skip to main content

အရေပြားမှိုစွဲတာ အမြစ်မပြတ်ရတဲ့ အကြောင်းရင်

 💠 အရေပြားမှိုစွဲတာ အမြစ်မပြတ်ရတဲ့ အကြောင်းရင်း 💠



အရေပြားမှိုစွဲတယ်ဆိုတာက အရေပြားမှာ ပွေး ၊ သဲဝဲ ၊ ညှင်း စတာတွေ ပေါက်တာပါ ။ ဒါတွေက အဖြစ်လည်း များပါတယ် ။ ကူးလည်း ကူးလွယ်ပါတယ် ။ ဒါပေမယ့် သေချာကုရင် ပျောက်တဲ့ရောဂါတွေပါ ။ ဒီလိုမဟုတ်ဘဲ ဖြစ်လိုက် ပျောက်လိုက်နဲ့ အမြစ်မပြတ်ဘဲ ကိုယ့်ဆီမှာ သံယောဇဥ်လာတွယ်နေရင်တော့ တစ်ခုခုလုပ်ဖို့ လိုနေပါပြီ ။ အရေပြားမှိုစွဲတာ ကလည်း အရေပြားရောဂါပဲ ဖြစ်တာကြောင့် ဒီလိုခဏခဏ ပြန်ဖြစ်နေတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး ။


🏵 ဘာကြောင့် အရေပြားမှိုစွဲတာ အမြစ်မပြတ်ရတာလဲ


ဒါက ကိုယ့်ရဲ့ နေပုံထိုင်ပုံ ၊ ပတ်ဝန်းကျင်အခြေအနေတွေနဲ့လည်း ဆိုင်သလို ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ကိုယ်နဲ့ ဒီအချက်တွေထဲက တစ်ခုခု တိုက်ဆိုင်နေမယ်ဆိုရင် မှိုစွဲတာက အမြစ်မပြတ်ဘဲ ခဏခဏပြန်ဖြစ်နေမှာပါ ။


🔸 ပူနွေး စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ နေတာ -

မြန်မာနိုင်ငံက ပူနွေးစိုစွတ်တဲ့ နိုင်ငံဖြစ်လို့ ပတ်ဝန်းကျင်အခြေအနေအရကို မှိုပိုးတွေ ပေါက်လွယ်ပွားလွယ်ပါတယ် ။ မိုးတွင်းလိုမျိုးဆို ပိုဆိုးပါတယ် ။ ဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးသာ ဂရုမစိုက်ဘူးဆိုရင် ခဏခဏ ပြန်ဖြစ်နေမှာပါ ။


🔸 ချွေးထွက်များတာ -

ချွေးထွက်များတဲ့ ချောင်ကြိုချောင်ကြားနေရာတွေ ( ဥပမာ ချိုင်း ၊ ပေါင်ခြံ ၊ ခြေဖဝါး ) စတဲ့နေရာတွေက မှိုပိုးတွေ အကြိုက်ဆုံးပါ ။ မှိုစွဲပြီဆိုရင်လည်း ဒီနေရာတွေမှာ စွဲတာများပါတယ် ။ ခဏခဏပြန်ဖြစ်တတ်တာကလည်း ဒီနေရာတွေပါပဲ ။


🔸 တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းတာ -

နေတာက ပူနွေးစိုစွတ်တဲ့ နိုင်ငံဖြစ်ရတဲ့အထဲ ချွေးထွက်ပါများမယ်ဆိုရင်တော့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို နိုင်နိုင်လေး လုပ်ဖို့ လိုပါတယ် ။ ချွေးထွက်ပြီဆိုရင် ချွေးကို သေချာသုတ်ပြီး ခြောက်အောင်ထားဖို့ ၊ ရေပုံမှန်ချိုးဖို့ ၊ အဝတ်အစားပုံမှန်လဲဖို့ လိုပါတယ် ။ မဟုတ်ရင် ခဏခဏ ပြန်ဖြစ်နေမှာပါ ။


🔸 အဝတ်အစား ၊ ဖိနပ် ၊ မျက်နှာသုတ်ပဝါနဲ့ အိပ်ရာခင်းတွေ မျှသုံးတာ -

မှိုပိုးတွေက ထိတွေ့မှုကနေတဆင့် ကူးစက်တာပါ ။ အဝတ်အစားတို့ ၊ ဖိနပ်တို့ကို မှိုစွဲနေတဲ့သူက စီးလိုက်ရင် မှိုတွေက ဒီပစ္စည်းတွေမှာ ကပ်ပါသွားတတ်ပါတယ် ။ ဒါကို မသိဘဲ တခြားသူက သွားသုံးရင် သူပါကူးမှာပါ ။ ဒီတော့ ခဏခဏ မှိုစွဲတာ မဖြစ်ချင်ရင် သူများပစ္စည်းတွေ ငှားပြီး သုံးတာကို ရှောင်ပါ ။


🔸 အဝတ်အစားကျပ်ကျပ် ၊ ဖိနပ်ကျပ်ကျပ်တွေ ဝတ်တာ -

အဝတ်အစားကျပ်ကျပ်တွေဝတ်ရင် ချွေးထွက်လွယ်ပါတယ် ။ ကျပ်နေတော့ ချွေးက မခြောက်ဘဲ ပူနွေးစိုစွတ်တဲ့ နေရာလေးပဲ ဖြစ်သွားပါတယ် ။ ဒီတော့ မှိုစွဲပါတယ် ။ ဖိနပ်ဆိုရင်လည်း ရှူးဖိနပ်အပိတ်တွေက ချွေးထွက်ရင် ဖြစ်ဖြစ် ၊ ရေစိုရင် ဖြစ်ဖြစ် ခြောက်ဖို့ ခက်ပါတယ် ။ ဒီလို အဝတ်အစားတွေ ၊ ဖိနပ်တွေကို ဝတ်နေမယ်ဆိုရင် မှိုစွဲတာက ပျောက်လည်း ခဏပဲ ပြန်ပြန်ဖြစ်နေမှာပါ ။


🔸 အရေပြားချင်းထိတွေ့ရတဲ့ လှုပ်ရှားမှုတွေမှာ ပါတာ -

အဓိကကတော့ ကိုယ်လုံးချင်း တိုက်တိုက်တွန်းတွန်း လုပ်ရတဲ့ အားကစားတွေပေါ့ ။ မှိုစွဲနေတဲ့ အရေပြားနဲ့အမြဲလိုလို ထိတွေ့နေရရင် ကုလည်း ခဏပဲ ပြန်ဖြစ်မှာပါ ။


🔸 ရေကူးတာ -

နောက်တစ်ခုက ရေကူးတာပါ ။ ရေကနေတဆင့် ကူးတာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ရေကူးကန်ကြမ်းခင်းတွေမှာ ရောဂါရှိသူက ဖိနပ်မစီးဘဲ လျှောက်သွားမယ်ဆိုရင် မှိုပိုးတွေက ကြမ်းခင်းမှာ ကပ်နေမှာပါ ။ ဒါကို ကိုယ်ကမသိဘဲ ခြေဗလာနဲ့ နင်းမိရင် ကိုယ့်ပါ ကူးမှာပါ ။ ရေကူးကန်ဆိုတာ အမြဲတမ်းတစိုစိုဖြစ်နေတဲ့နေရာဆိုတော့ မှိုတွေလည်း ကြိုက်ပါတယ် ။


🔸 မှိုစွဲနေတဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့မိတာ -

အထူးသဖြင့်တော့ ပွေးပေါ့ ။ အိမ်မွေးတိရစ္ဆာန်တွေမှာ ပွေးရှိနေရင် ကိုယ့်ဆီလည်း ကူးလာနိုင်ပါတယ် ။ သူတို့ကို အပြီးပျောက်အောင် မကုပေးမချင်း ကိုယ့်ဆီကို ပြန်ပြန်ကူးနေမှာပါ ။


🔸 ခုခံအားကျနေတာ -

ခုခံအားကျနေတဲ့သူတွေဖြစ်တဲ့ ကင်ဆာရောဂါကုထုံးခံယူသူတွေ ၊ HIV ပိုးရှိသူတွေ ၊ ခုခံအားထိန်းဆေးသောက်နေရတဲ့သူတွေကလည်း ခဏခဏ မှိုစွဲတတ်ပါတယ် ။


🔸 မျိုးဗီဇ -

တချို့သူတွေမှာ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ခြေထောက်နဲ့ ခြေသည်းလက်သည်းတွေမှာ ခဏခဏမှိုစွဲနေတာက မျိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ် ။ သူတို့ရဲ့ အရေပြားက မှိုကို တိုက်ထုတ်ရကောင်းမှန်း မသိတာကြောင့်ပါ ။ မှိုတွေက ခဏခဏပြန်စွဲနေတာကြောင့်လည်း ခုခံအားက ရင်းနှီးသွားပြီး မတိုက်ထုတ်တာလည်း ဖြစ်နိုင်ပါတယ် ။


🏵 ဒါဆိုရင် အရေပြားမှိုစွဲတာကို အမြစ်ပြတ်အောင် ဘယ်လိုလုပ်ကြမလဲ


မှိုစွဲတာကို အမြစ်ပြတ်ချင်တယ် ။ ခဏခဏ ပြန်မဖြစ်ဘူးဆိုရင် ဒီအချက်တွေကို သေချာလိုက်နာပါ ။ အရေပြားမှိုစွဲတာကနေ ဘက်တီးရီးယားပိုးတွေ ဝင်လာနိုင်သလို လူအများကြားမှာ အရှက်ရစရာကိစ္စလည်း ဖြစ်လာနိုင်ပါတယ် ။


American Osteopathic College of Dermatology (AOCD)က အကြံပြုထားတာကတော့ -


မှိုသေဆေးသုံးမယ်ဆို ဆေးပတ်လည်အောင် သုံးပါ ။ ဆရာဝန် ညွှန်ထားတဲ့အတိုင်း သုံးပါ ။ လက္ခဏာတွေ သက်သာလာပြီဆိုပြီး ရပ်မပစ်ပါနဲ့ ။ လက္ခဏာတွေ သက်သာလာပေမယ့် မှိုပိုးတွေ ကျန်နိုင်ပါတယ် ။ အကင်းမသေသေးရင် ပြန်ပွားလာမှာပါ ။


🔹 သဲဝဲစားရောဂါ မဖြစ်အောင် - ခြေထောက်ကို သန့်ရှင်း ခြောက်သွေ့အောင် ထားပါ ။ ရှူးဖိနပ်အစား ဖိနပ်အပွင့်ကို စီးပါ ။ ရှူးဖိနပ်စီးမယ်ဆို ကျပ်လွန်းတာကို မစီးပါနဲ့ ။ ခြေစွပ်တွေကို ပုံမှန်လဲပါ ။

ရှူးဖိနပ်စီးမယ်ဆို ဖိနပ်မှာ မှိုသေဆေးအမှုန့်တွေကို ဖြူးထားလို့ရပါတယ် ။ မှိုစွဲနေတဲ့ ဖိနပ်တွေကို မစီးပါနဲ့ ။ အထူးသဖြင့် ကတ္တီပါဖိနပ်တွေက မှိုတက်လွယ်ပါတယ် ။

ခဏခဏ သဲဝဲစားတဲ့သူဆိုရင် ဆရာဝန်က ခြေထောက်နဲ့ ခြေသည်းမှာ မှိုသေဆေးတွေ လိမ်းခိုင်းတာမျိုး ရှိနိုင်ပါတယ် ။ သောက်ဆေးတွေလည်း လိုကောင်းလိုနိုင်ပါတယ် ။

အများသုံးရေချိုးခန်း ၊ gym စတာတွေမှာ ခြေဗလာနဲ့ မသွားပါနဲ့ ။

ခြေသည်းလက်သည်းတွေကိုလည်း ပုံမှန်သန့်ရှင်းရေး လုပ်ပါ ။

မှိုရောဂါဖြစ်ပြီဆိုတာနဲ့ ချက်ချင်းကုပါ ။ မဟုတ်ရင် အတူနေသူတွေဆီ ကူးသွားပါလိမ့်မယ် ။ ပြီးရင် ကိုယ့်ဆီ ပြန်ကူးပါလိမ့်မယ် ။ ဒီလိုနဲ့ ဖြစ်လိုက်ပျောက်လိုက် သံသရာလည်နေပါလိမ့်မယ် ။

အရေပြားမှာ မှိုစွဲနေတယ်ဆိုရင် မှိုသေစေတဲ့ အာနိသင်ရှိတဲ့ ဆပ်ပြာတွေ ၊ ခေါင်းလျှော်ရည်တွေကို အချိန်တစ်ခုကြာအောင် သုံးရနိုင်ပါတယ် ။ ဒါမှ အမြစ်ပြတ်ပြီး နောက်ထပ် ပြန်မဖြစ်မှာပါ ။


🔶 Takeaways 🔶


မှိုရောဂါတွေက ကုသရလွယ်ပါတယ် ။ ပျောက်လည်း ပျောက်ပါတယ် ။ ဒါပေမယ့် ကုသမှုကို သေချာမခံယူရင်ဖြစ်ဖြစ် ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ ကိုယ့်ရဲ့ နေထိုင်ပုံကြောင့်ဖြစ်ဖြစ် ခဏခဏပြန်ဖြစ်နိုင်ပါတယ် ။ ။


#vaa

#အရေပြားမှိုစွဲခြင်း

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...