Skip to main content

အစိုးရိမ်လွန်ခြင်း

 အဖြစ်များတဲ့ အစိုးရိမ်လွန် ခြင်း ပြဿနာများ



ကိုယ်မနှစ်သက်တာတစ်ခုခုနဲ့ တွေ့တဲ့အခါ စိတ်ထဲမှာ စိုးရိမ်တာ၊ ကြောက်လန့်တာ ဖြစ်တတ်ပါတယ်။ ဒါက ကမ္ဘာဦး အစတည်းက လူသားတွေရဲ့ ကိုယ်ထဲမှာ အသက်ရှင်ဖို့အတွက် ထည့်ပေးထားတဲ့ စွမ်းရည်တစ်ခုပါ။ ဥပမာ - ကျားနဲ့ တွေ့တဲ့အခါ ကြောက်စိတ်မဖြစ်ရင် ထွက်ပြေးဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ မနက်ဖြန်စာမေးပွဲရှိတာကို စိုးရိမ်စိတ်မဝင်ရင်လည်း စာကျက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်ဆိုတာက ရှိသင့်ပါတယ်။ ဒါပေမယ့် ရှိသင့်တာထက် အစိုးရိမ်လွန် လာပြီဆိုရင်တော့ ဒါကရောဂါတစ်ခုဖြစ်သွားပါပြီ။


🔴 အစိုးရိမ်လွန် နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ


လူတိုင်း ကြောက်တတ်၊ စိုးရိမ်တတ်ပါတယ်။ ဒါက ပြဿနာ မဟုတ်ပါ။ ဒါပေမယ့် လိုတာထက် ပိုလာပြီဆိုရင်တော့ စိတ်ရောဂါလို့ သတ်မှတ်နိုင်ပါတယ်။ လိုတာထက်ပိုတယ်ဆိုတာက အခြေအနေတစ်ခုကို အလွန်အကျွံ တုံ့ပြန်တာ၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့အထိ တုံ့ပြန်တာပဲ ဖြစ်ပါတယ်။


အင်တာဗျုးဖြေရမယ်ဆိုရင် လူတိုင်း စိတ်လှုပ်ရှားကြပါတယ်။ မဖြေခင်ဆို ရင်တုန်သလို၊ ချွေးစေးတွေ ထွက်ချင်သလို ဖြစ်လာပါတယ်။ ဒါပေမယ့် ဖြေပြီးသွားရင်တော့ ပုံမှန်ပဲ ဖြစ်သွားပါတယ်။ ဖြေပြီးသွားရင် စိုးရိမ်စရာ မရှိတော့ဘူးလို့ ခန္ဓာကိုယ်က နားလည်လိုက်တဲ့အတွက် ခုနကလို ရင်တုန်တာတွေ ဆက်မဖြစ်တော့ပါဘူး။


ဒါပေမယ့် အစိုးရိမ်လွန်တဲ့ သူတွေကျတော့ ဒီလိုမဟုတ်ပါဘူး။ အစိုးရိမ်လွန်ပြီး လုပ်လက်စအလုပ်ကို မလုပ်နိုင်တော့တာ၊ တစ်ခုခုဆို အလွန်အကျွံတုံ့ပြန်တာ၊ ဒီလို တုံ့ပြန်တာတွေကို သိနေလျက်နဲ့ မထိန်းချုပ်နိုင်တာ စတာတွေ ဖြစ်တတ်ပါတယ်။


🔴 အစိုးရိမ်လွန်ခြင်း အမျိုးအစားများ


♦ Generalized anxiety disorder

ဒီအမျိုးအစားကတော့ နေ့စဉ်သာမန်အလုပ်တွေ မလုပ်နိုင်လောက်အောင် ဆက်တိုက် အချိန်တိုင်း စိုးရိမ်နေတာမျိုးပါ။ စိတ်ထဲကတင် စိုးရိမ်နေတာမျိုး မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေ ဖြစ်တဲ့ ဂနာမငြိမ်တာ၊ ပင်ပန်းလွယ်တာ၊ အာရုံစူးစိုက်မရတာ၊ ကြွက်သားတွေ တင်းပြီး နာတာ၊ အိပ်မပျော်တာ စတာတွေ ဖြစ်တတ်ပါတယ်။


သူတို့တွေက ဘာကိုမှန်းမသိ၊ တိတိကျကျ မရှိဘဲ စိုးရိမ်လွယ်တတ်ပါတယ်။ အလုပ်ရောက်ရင် အလုပ်မှာ အဆင်ပြေပါ့မလား။ အိမ်မှာဆိုရင်လည်း ဟိုအလုပ်၊ ဒီအလုပ်လေးတွေ အဆင်ပြေပါ့မလား စသဖြင့် မြင်မြင်သမျှ၊ ခေါင်းထဲရောက်လာသမျှကို ‘ယေဘုယျ’ စိုးရိမ်နေတတ်တဲ့အတွက် ‘Generalized’ လို့ သုံးထားတာပါ။


♦ အကြောက်လွန်ခြင်း


အကြောက်လွန်ခြင်း (panic disorder)ရဲ့ အဓိက လက္ခဏာက ခဏခဏကြောက်တတ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေပါ ခံစားလာရပါတယ်။ တစ်ခုခု မနှစ်မြို့စရာနဲ့ တွေ့လို့ အကြောက်လွန်လာပြီဆိုရင်


-ရင်တွေတုန်တာ


-ချွေးစေးတွေထွက်တာ


-ခြေတွေ လက်တွေ တုန်လာတာ၊ ထုံလာတာ


-မောပြီး အသက်ရှူရခက်လာတာ


-ရင်ဘတ်တွေ အောင့်လာတာ


-မူးပြီး သတိလစ်ချင်သလို ဖြစ်လာတာ


-လည်ပင်းထဲမှာ တစ်စို့လာတာ၊ ပျို့အန်ချင်တာ


-ကြက်သီးထတာ၊ မျက်နှာတွေ ပူလာတာ


-စိတ်နဲ့ ကိုယ်နဲ့ မကပ်ဘဲ ထိန်းလို့မရတာ


-သေတော့မယ့် ခံစားချက်မျိုး ဝင်လာတာ စတဲ့ အစွန်းရောက်တဲ့ ခံစားချက်တွေ ဖြစ်လာပါတယ်။


ဒီလို ပြင်းပြင်းထန်ထန် ခံစားရတဲ့အတွက် အကြောက်လွန်တဲ့ လူနာတွေက သူတို့ကိုယ် သူတို့ နှလုံးအမောဖောက်တော့မလို၊ တခြားအန္တရာယ်ရှိတဲ့ ရောဂါတစ်ခု ဖောက်လာသလို ထင်ကြပါတယ်။ ၂၀-၂၄နှစ် လူငယ်အရွယ်တွေမှာ တွေ့ရတတ်ပါတယ်။ တခြားစိတ်ရောဂါတွေဖြစ်တဲ့ စိတ်ကျတာ၊ စိတ်ဒဏ်ရာရတာတွေနဲ့ တွဲတွေ့ရတတ်ပါတယ်။


♦ ကြောက်စိတ်


ဒါက ရိုးရိုးကြောက်စိတ်မဟုတ်ပါဘူး။ တစ်ခုခုကို လိုတာထက်ပိုပြီး ကြောက်နေတဲ့ သဘောပါ။ Phobia လို့ ခေါ်ပါတယ်။ အန္တရာယ်မရှိတဲ့ အရာမှန်း သိပေမယ့်လည်း တွေ့လိုက်တာနဲ့ အလွန်အကျွံ ကြောက်လာတာပါ။ ဥပမာ အမြင့်ကြောက်တာ၊ အမှောင်ကြောက်တာ စတာတွေလိုမျိုးပါ။


◻ Agoraphobia

ဒါကလည်း Phobia တွေထဲက တစ်ခုပါ။ တစ်နေရာရာကနေ ထွက်ဖို့ ခက်တယ် ဒါမှမဟုတ် ရှက်စရာကောင်းတယ်။ အကြောက်လွန်တဲ့ လက္ခဏာတွေ ပေါ်လာခဲ့ရင် ကူရာကယ်ရာမဲ့နေမှာကို တွေးပြီး ကြောက်တဲ့ စိတ်ပါ။ Agoraphobia သမားတွေက အောက်ကအချက်တွေထဲက ၂ချက်နဲ့အထက် ကိုက်ညီလေ့ရှိပါတယ်။


-အများသုံးယာဉ်တွေ မစီးရဲတာ


-ဟင်းလင်းပြင်တွေထဲမှာ မနေတတ်တာ


-အလုံပိတ်နေရာမှာ မနေတတ်တာ


-လူအများကြီးကြားထဲမှာ တန်းစီရတာ၊ လူအုပ်ထဲသွားရတာကို မကြိုက်တာ


-အပြင်ကို တစ်ယောက်တည်း မသွားချင်တာ စတာတွေပဲ ဖြစ်ပါတယ်။


◻ လူကြောက်တာ

လူအများကြီးနဲ့ တွေ့ရမှာ ကြောက်တာလို့ ပြောရင် ပိုမှန်ပါတယ်။ လူအများကြီးနဲ့ တွေ့ရတဲ့အခါ ကြောက်သလို၊ ရှက်သလို၊ အနိုင်ကျင့်ခံရမှာ၊ အပယ်ခံရမှာ၊ အထင်သေးခံရမှာ စိုးရိမ်တာမျိုးပါ။ ဥပမာ လူရှေ့မှာ စကားပြောရမှာ၊ လူစိမ်းတွေနဲ့ စားရသောက်ရမှာကို ကြောက်တာမျိုးပါ။


◻ ခွဲရမှာ ကြောက်တာ


သူချစ်ခင်နှစ်သက်ရသူတွေနဲ့ ခွဲရမှာ ကြောက်တာမျိုးပါ။ ဒါကအသက်နဲ့ မဆိုင်ပါဘူး။ ကလေးရော လူကြီးမှာပါ တွေ့ရပါတယ်။ သူကြိုက်တဲ့သူ ပျောက်သွားမှာ၊ သူမပါဘဲ အပြင်မသွားချင်တာ၊ သူမရှိတဲ့ နေရာမှာ မနေချင်တာမျိုးပါ။


🔴 ဘယ်သူတွေက အစိုးရိမ်လွန် တဲ့ ပြဿနာ ဖြစ်တတ်သလဲ


ဘယ်သူမဆို ဖြစ်တတ်ပါတယ်။ ဖြစ်ခြင်း မဖြစ်ခြင်းက မျိုးဗီဇနဲ့ရော၊ ပတ်ဝန်းကျင်နဲ့ပါ ဆိုင်တာကို တွေ့ရပါတယ်။ ဖြစ်နိုင်ခြေ များတဲ့ သူတွေကတော့ -


▫ အရင်တည်းက ရှက်တတ်ပြီး လူများများနဲ့ မနေတတ်သူတွေ (မသိတဲ့သူတွေနဲ့ဆို နေရတာ သက်သောင့်သက်သာ မဖြစ်တဲ့သူတွေ) 

▫ ကလေးဘဝ၊ လူငယ်ဘဝမှာ စိတ်ဒဏ်ရာရဖူးသူတွေ

▫ မိသားစုထဲမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူတွေ

▫ သိုင်းရွိုက်ရောဂါ၊ နှလုံးခုန်မမှန်တဲ့ ရောဂါရှိသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။


⚪ အစိုးရိမ်လွန်တာက အမျိုးသမီးတွေမှာ🙎 ပိုတွေ့ရပါတယ်တဲ့။ ဖြစ်နိုင်တာကတော့ အမျိုးသမီးတွေက လစဉ် ဟော်မုန်းအတက်အကျ ဖြစ်နေလို့ပါ။ အမျိုးသားတွေမှာရှိတဲ့👨 တက်စတိုစတီရုန်းကတော့ ပြောင်းပြန် စိုးရိမ်စိတ်တွေကို သက်သာစေပါတယ်။


🔴 အစိုးရိမ်လွန်တာကို ဘယ်လိုကုသနိုင်သလဲ


ကိုယ့်ကိုယ်ကို အစိုးရိမ်လွန်တယ်လို့ ခံစားနေရရင်၊ နေ့စဉ်အလုပ်တွေ မလုပ်နိုင်လောက်အောင် ကြောက်စိတ်တွေ များနေရင် စိတ်ရောဂါဆရာဝန်နဲ့ ပြသတာက အကောင်းဆုံးပါပဲ။ ဒါက ကိုယ်ရည်ကိုယ်သွေးနဲ့လည်း မဆိုင်ပါဘူး။ ရောဂါသက်သက်ပဲ ဖြစ်လို့ ကုသမှု ခံယူရမှာပါ။


ကုသနည်းတွေကတော့ ဆေးဝါးတွေနဲ့ စိတ်ကုထုံးတွေကို ပေါင်းစပ်ပြီး ကုသတာပါ။


🔴 ဆေးဝါးများ


ဆေးဝါးတွေက စိုးရ်မ်စိတ်လွန်ကဲတာကို ပျောက်အောင် မကုပေးနိုင်ပါဘူး။ လက္ခဏာတွေကို သက်သာစေပြီး နေ့စဉ်အလုပ်တွေကို လုပ်နိုင်အောင် ထိန်းပေးတာပါ။ အသုံးများတဲ့ ဆေးတွေကတော့ Anti-anxiety medications လို့ ခေါ်တဲ့ စိတ်ငြိမ်ဆေးတွေ၊ စိတ်ကျရောဂါကုဆေးတွေ၊ ရင်တုန်တာ၊ ကတုန်ကရင်ဖြစ်တာတွေကို သက်သာစေဖို့ Beta-blockers လို ဆေးတွေကို ပေးလေ့ရှိပါတယ်။


🔴 စိတ်ကုထုံး


စိတ်ကုထုံးကတော့ စိုးရိမ်စရာ တစ်ခုခုနဲ့ တွေ့တဲ့အခါ ဘယ်လို တုံ့ပြန်သင့်တယ်ဆိုတာကို ဆွေးနွေးပေးတာပါ။ Cognitive behavioral therapy (CBT) တွေ ပါမယ်၊ Exposure therapyလို့ ခေါ်တဲ့ ကြောက်စိတ်ကို ကိုင်တွယ်နည်းတွေလည်း ပါပါတယ်။


💠 Takeaway


သာမန်ထက်ပိုပြီး စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ များနေမယ်။ ဒါတွေကို လိုတာထက်ပိုပြီး တုံ့ပြန်နေပြီဆိုရင် အစိုးရိမ်လွန်ရောဂါများလားဆိုတာ ဆန်းစစ်သင့်ပါတယ်။ အစိုးရိမ်လွန်ရောဂါတွေက နေ့စဉ်နေထိုင်မှုဘဝနဲ့ လုပ်ငန်းခွင်၊ ပေါင်းသင်းဆက်ဆံရေးမှာ ထိခိုက်လာနိုင်တာတွေ ရှိလို့ စောစောစီးစီး ကုသထားတာ အကောင်းဆုံးပါပဲ။ ။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...