Skip to main content

ဆွေမျိုးအချင်းချင်း သွေးမသွင်းသင့်သည့် အကြောင်းအရင်း

 ဆွေမျိုးအချင်းချင်း သွေးမသွင်းသင့်သည့် အကြောင်းအရင်း




ဇာတ်လမ်းထဲမှာ ဆိုရင်တော့ သားက ဒဏ်ရာရသွားရင် အမေဖြစ်သူက ‘ ကျွန်မ ကိုယ်ထဲက သွေးကို ယူပါ ။ သူ့ကို သွင်းပေးပါ ’ ဆိုပြီး ပြော ၊ သွေးသွင်းပေး ၊ သက်သာလာ ဆိုပြီး Happy ending လေး ဖြစ်သွားတတ်ပါတယ် ။ လက်တွေ့မှာလည်း ဒီလို လုပ်လို့ရမယ် ထင်ပြီး အမျိုးတစ်ယောက်ယောက် သွေးလိုလို့ သွားလည်း လှူပေးရော ဆရာဝန်က အမျိုးအချင်းချင်း သွေးသွင်းလို့ မရဘူးပြောရော ။ ဘာလို့လဲ ? ။ ကိုယ်အင်္ဂါတွေ လှူရင်တောင် ဆွေမျိုးနီးစပ်တွေထဲက လှူရတာ ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာက ဘာကြောင့်လဲ ? ။


🔴 ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာ ဒါတွေကြောင့်ပါ -


ဆွေမျိုးအချင်းချင်း သွေးသွင်းတဲ့အခါ အခန့်မသင့်ရင် Transfusion Associated Graft-Versus-Host Disease ( TA-GVHD ) ဆိုတာ ဖြစ်တတ်ပါတယ် ။ ဒါက ရှားပေမယ့် ဖြစ်လာရင် သေနှုန်းက ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ် ။


ဟိုးအရင်တုန်းက သွေးလိုရင် ၊ သွေးအမျိုးအစားလည်း တူတယ်ဆိုရင် အမျိုးတွေဆီက ယူပြီး သွင်းပေးလေ့ရှိပါတယ် ။ ဒါပေမယ့် အဲ့ဒီလူနာတွေက သိပ်မကြာဘူး ၊ ရောဂါ လက္ခဏာတွေ အပြင်းအထန် ခံစားရပြီး သေဆုံးသွားကြပါတယ် ။ ဒီလိုမျိုး သွေးသွင်းပြီး ၁ လလောက် အကြာမှာ ဆုံးသွားကြတာတွေ များလာတော့ ဘာကြောင့်လဲဆိုတာကို လေ့လာရာကနေ TA-GVHD ကြောင့် ဆိုတာကို သိလာကြပါတယ် ။ ဒါကြောင့် နောက်ပိုင်းမှာ အမျိုးအချင်းချင်း သွေးလှူတာကို လက်မခံတော့တာပါ ။


🔴 TA-GVHD ဆိုတာ -


ဥပမာ ပြောရရင် ကျောက်ကပ်အစားထိုးထားတဲ့ လူနာမှာ လူနာရဲ့ ခန္ဓာကိုယ်က ကျောက်ကပ်ကို လက်မခံနိုင်ဘဲ ပြန်တိုက်သလို သွေးသွင်းထားတဲ့ လူနာမှာလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်တာပါ ။


သွေးသွင်းတဲ့အခါ အလှူရှင်ဆီကနေ lymphocytes လို့ခေါ်တဲ့ သွေးဖြူဥဆဲလ်တွေ ပါလာပါတယ် ။ ပုံမှန်ဆိုရင်တော့ လူနာဘက်က ဒီဆဲလ်တွေက ငါတို့နဲ့ အတူတူပဲ သတ်မှတ်ပြီး အန္တရာယ်မပေးပါဘူး ။ ဒါပေမယ့် တချို့အခြေအနေ ( အထူးသဖြင့် ခုခံအား ကျနေတဲ့ အချိန် ) မှာဆိုရင်တော့ ဒီလိုမျိုး မမှတ်မိတဲ့အတွက် အလှူရှင်ဆီက သွေးဆဲလ်က လူနာရဲ့ ဆဲလ်တွေ ၊ အရေပြား ၊ အူလမ်းကြောင်း ၊ ရိုးတွင်းခြင်ဆီ စတာတွေကို တိုက်ခိုက်တဲ့အတွက် သေဆုံးသည်အထိ ဖြစ်လာရတာပဲ ဖြစ်ပါတယ် ။


🔴 ဘယ်သူတွေက TA-GVHD ဖြစ်နိုင်သလဲ


TA-GVHD က ဘယ်သူ့မှာ ဖြစ်မလဲဆိုတာက ပြောရခက်ပါတယ် ။ ခုခံအားကျတဲ့ သူတွေအပြင် ဒီလူတွေမှာလည်း တွေ့ရတတ်ပါတယ် ။


♦ ရိုးတွင်းခြင်ဆီ အစားထိုး ကုသမှု ခံယူထားတဲ့ လူနာတွေ

♦ မွေးရာပါ T lymphocytes ချို့တဲ့နေတဲ့သူတွေ

♦ Hodgkin lymphoma လို့ခေါ်တဲ့ သွေးကင်ဆာရှိသူတွေ

♦ မွေးကင်းစအရွယ် သွေးလဲရတဲ့ ကလေးသူငယ်တွေ

♦ ကင်ဆာကြောင့် ဆေးသွင်းတာ ၊ ရောင်ခြည်ပြတာကို ပမာဏ များများ ခံယူနေရတဲ့ သူတွေ

♦ Purine နဲ့ အလားတူ ဆေးတွေ ဖြစ်တဲ့ alemtuzumab , antithymocyte globulin မှီဝဲနေတဲ့သူတွေ

♦ သားအိမ်ကနေတဆင့် သန္ဓေသားထဲကို သွေးသွင်းရတဲ့အခါ

♦ ကိုယ်ခံအား ကောင်းပေမယ့် သွေးအနီးဆုံး ဆွေမျိုးဆီက သွေးသွင်းတဲ့အခါ ( ဥပမာ မောင်နှမအရင်းအချာ ၊ မိရင်း ဖရင်း )

♦ လမစေ့ ပေါင်မပြည့်တဲ့ ကလေးတွေ သွေးသွင်းတဲ့အခါ

♦ နှလုံးခွဲစိတ်မှု လုပ်တဲ့အခါ

♦ ဆွေမျိုးဆီကနေ ခုသွေးထုတ်ပြီး ချက်ချင်း ပြန်သွင်းတဲ့အခါ

♦ လောလောလတ်လတ် ထုတ်ထားတဲ့ သွေးကို သွင်းတဲ့အခါ


🏵 ဘယ်သူ့မှာမဆို ဖြစ်သွားနိုင်တယ် ဆိုပေမယ့် ခုပြောခဲ့တဲ့ သူတွေကတော့ ဆွေမျိုးတွေဆီက သွေးသွင်းတာကို ရှောင်ကြဉ်သင့်ပါတယ် ။


💠 စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က ခုခံအားကျတဲ့သူတွေမှာ တွေ့ရများတယ်ဆိုပေမယ့် HIV ပိုးရှိသူမှာ တွေ့ရတာတော့ ရှားပါတယ်တဲ့ ။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်စ် နဲ့ သွေးလှူရှင်ရဲ့ T lymphocyte ကြားက တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ် ။


💠 နောက်တစ်ချက်က ချက်ချင်းထုတ်ပြီး ချက်ချင်း သွင်းတဲ့ သွေးထက် ၁၄ ရက်ကျော် ကြာအောင် သိုလှောင်ထားတဲ့ သွေးတွေက ဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုပါတယ် ။


🔴 TA-GVHD ရဲ့ လက္ခဏာများ


လက္ခဏာတွေက သွေးသွင်းပြီး ၈ - ၁၀ ရက်လောက်အကြာမှာ ပြတတ်ပါတယ် ။ လက္ခဏာတွေ အနေနဲ့ -


♦ ဖျားတာ

♦ အရေပြားမှာ အနီစက်တွေ ထွက်တာ

♦ ဝမ်းလျှောတာ

♦ ရိုးတွင်းခြင်ဆီ ထိခိုက်တာ

♦ သွေးဆဲလ်၃မျိုးလုံး နည်းသွားတာ ( သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှား )

♦ အသည်းထိခိုက်တာတွေ 

ခံစားရနိုင်ပါတယ်။


🔴 TA-GVHD ကို ဘယ်လိုကုသနိုင်မလဲ


TA-GVHD ရဲ့ သေနှုန်းက ၉၀ ရာခိုင်နှုန်း နဲ့ အထက်မှာ ရှိပါတယ် ။ အများစုက လက္ခဏာပြပြီး ၁ - ၃ ပတ်အတွင်းမှာ ပိုးဝင်တာကြောင့် သေဆုံးကြပါတယ် ။ ခုခံအားကို ထိန်းဖို့ စတီးရွိုက် တွေ ၊ ခုခံအားထိန်းဆေးတွေ ၊ ရိုးတွင်းခြင်ဆီ အစားထိုးတာတွေ လုပ်နိုင်ပေမယ့် အသက်ရှင်နိုင်နှုန်း နည်းပါတယ် ။


🔵 ဒါကြောင့် မဖြစ်အောင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ ။


🔴 TA-GVHD မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ


သွင်းမယ့် သွေးထုပ်ကို ရောင်ခြည်ဖြတ်လို့ ရပါတယ် ။ Gamma radiation တွေ X radiationတွေ နဲ့ lymphocyte တွေ ဆက်မပွားအောင် DNA ပျက်စီးအောင် လုပ်ထားမယ်ဆိုရင် ကိုယ်ထဲရောက်တဲ့အခါ ဓာတ်ပြုတုံ့ပြန်တာကို တားနိုင်မှာပါ ။


♦ Lymphocyte ကြောင့်ဆိုတော့ -


Lymphocyte မပါတဲ့ သွေးကို သွင်းရင် မရဘူးလားဆိုတော့ ဒါကလည်း အပြည့်အဝ ကာကွယ်နိုင်မယ်လို့ အာမခံချက် မရှိပါဘူး ။


ဒါကြောင့် ရောင်ခြည်ဖြတ်လို့ရရင် ဖြတ် ၊ မရရင် အမျိုးအချင်းချင်း သွေးသွင်းတာကို ရှောင်တာက အကောင်းဆုံးပါ ။


🌐 ဒါဆို မြန်မာနိုင်ငံက ဆေးရုံတွေမှာ ဘာလို့ ဆွေမျိုးတွေက သွေးကို ပေးလို့ရတာလဲ 


မြန်မာနိုင်ငံက ဆေးရုံတွေမှာ လူနာကို သွေးသွင်းဖို့ ဆွေမျိုးတွေကလှူရင် ယူထားတာမျိုး ရှိပါတယ် ။ ဒါပေမယ့် ဒါက ကိုယ့်လူနာအတွက် သုံးတာ မဟုတ်ပါဘူး ။ မြန်မာနိုင်ငံမှာ သွေးလှူဘဏ်တွေ ရှိပေမယ့် သွေးလိုအပ်ချက်က လှူတာထက် ပိုများပါတယ် ။ ဒါ့အပြင် သွေးထုပ်တွေကို နေရာတိုင်းမှာ ရောင်ခြည်ဖြတ်လို့ မရပါဘူး ။


ဒါကြောင့် ဆွေမျိုးအချင်းချင်း သွေးသွင်းပေးလေ့မရှိပါဘူး ။ လူနာကို သွေးသွင်းပေးတာက တခြားအလှူရှင်ဆီက သွေးပါ ။ ဆွေမျိုးတွေဆီက သွေးယူထားတယ် ဆိုတာက အစားပြန်ပေးတာပါ ။ ဆိုလိုတာက သွေးမလုံလောက်တဲ့အတွက် ကိုယ်က တစ်ထုပ်သွင်းပြီးတိုင်းမှာ နောက်လူနာအတွက် သွေး တစ်ထုပ် ပြန်လှူခဲ့ရပါတယ် ။ ဒါမှ သွေးပြတ်လပ်မှု မရှိမှာပဲ ဖြစ်ပါတယ် ။ ။


#vaa

#ဆွေမျိုးအချင်းချင်းသွေးမသွင်းသင့်သည့်အကြောင်းအရင်း

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...