လေချဉ်တက် တဲ့ ပြဿနာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရအောင်
တအေ့အေ့ နဲ့ လေချဉ်တက် တယ် ဆိုတာ တစ်နည်းနည်း နဲ့ ဗိုက်ထဲရောက်နေတဲ့ လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ ။ အစား အမြန်စားမိတာ ၊ အစာစားရင်း စကားပြောတာ ၊ ပီကေ ဝါးတာ ၊ ဂက်စ်ပါတဲ့ အချိုရည်တွေ သောက်တာ ၊ ဆေးလိပ်သောက်တာတွေကြောင့် လေတွေ မျိုချမိစေနိုင်ပါတယ် ။
အစာခြေရည် ပြန်ဆန်တက်ခြင်း နဲ့ ရင်ပူနာ ဝေဒနာတွေ ကြောင့်လည်း လေတက်တဲ့ လက္ခဏာ ဖြစ်တတ်ပါတယ် ။ မကြာခဏ လေတက်သံတွေ ထွက်နေရတယ် ဆိုရင်တော့ အစာအိမ်အနာဖြစ်စေတဲ့ Helicobacter pylori ဘက်တီးရီးယား ကြောင့် ဒါမှမဟုတ် အစာအိမ်နံရံ ရောင်ရမ်းခြင်း ကြောင့် ဖြစ်နိုင်ပါတယ် ။
လေချဉ်တက် ခြင်း ကို သက်သာ စေနိုင်တဲ့ နည်းလမ်းတွေက –
(၁) ဖြည်းဖြည်းစားပါ ၊ ဖြည်းဖြည်းသောက်ပါ
ဖြည်းဖြည်း စားသောက်မယ်ဆို လေတွေ သိပ်မျိုမချမိစေဘူးပေါ့ ။ စိတ်လောနေရင် ၊ စိတ်ဖိစီး နေရင် လေမျိုချမိတာ ပိုများစေနိုင်လို့ အစားစားချိန် မှာ စိတ်ကို ဖြေလျှော့ထားပါ ။
(၂) ဂက်စ်ပါတဲ့ အချိုရည် နဲ့ ဘီယာကို ရှောင်ပါ
လေနဲ့ ပတ်သက်တဲ့ ဝေဒနာရှိတတ်သူဟာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ဖြစ်စေတဲ့ ဒီသောက်စရာတွေကို ရှောင်သင့်ပါတယ် ။
(၃) ပီကေဝါးတာ ၊ သကြားလုံး ၊ စုပ်လုံးစားတာ ရှောင်ပါ
ဒါတွေ စားတဲ့ အခါ ပုံမှန်ထက် ပိုပြီး ခဏခဏ မျိုချရတာ များတာမို့ လေတွေ ပိုဝင်နိုင်စေတာပေါ့ ။
(၄) ဆေးလိပ်လျှော့သောက်ပါ
မသောက်ပါနဲ့လို့ တားလို့ရမှာ မဟုတ်တော့ လျှော့သောက်ဖို့ပဲ ပြောရမှာပေါ့ ။ ဆေးလိပ်ကို ရှိုက်တဲ့အခါ လေကို နှာခေါင်းက ရှူသွင်းရုံမကဘဲ ပါးစပ်ကပါ မျိုချမိပါလိမ့်မယ် ။ ဖြတ်လိုက်တာကတော့ အကောင်းဆုံးပါပဲ ။
(၅) လှုပ်ရှားပါ
အစာစားပြီး ငြိမ်အိပ်မနေဘဲ ခဏလောက်တော့ ဖြည်းဖြည်း လမ်းလျှောက်လိုက်ပါ ။
(၆) ရင်ပူနာ ကို ကုသပါ
အစာခြေရည် ပြန်ဆန်တက်ခြင်း ၊ ရင်ပူနာ တို့ကို ဒီအတိုင်း မထားဘဲ ကုသလိုက်ပါ ။ ဆရာဝန်နဲ့ မပြသေးခင် ရုတ်တရက် ဖြစ်လာတဲ့ ဝေဒနာဆို အစာအိမ်လေနာ ပျောက်ဆေးတွေနဲ့တင် သက်သာစေနိုင်ပေမယ့် ကြာရှည်လာရင်တော့ မကောင်းပါဘူး ။
၇) အဆီများတာတွေ သိပ်မစားပါနဲ့
အဆီက အစာချေဖျက်မှု ကို နှေးစေတာကြောင့် အစာတွေ ကို ပိုပြီး အချိန်ကြာကြာ အချဉ်ပေါက်စေနိုင်ပါတယ် ။
(၈) ဂက်စ်များတာတွေ ကြည့်ကျက်သောက်ပါ
ဂက်စ်ပါတဲ့ ဘူးအချိုရည်တွေ ၊ ဘီယာ ၊ ဆိုဒါတို့ကို သောက်လိုက်တဲ့အခါ လေတွေပါ ပါသွားနိုင်လို့ အစာခြေစနစ်ထဲ ရောက်ရှိသွားနိုင်ပါတယ် ။ တချို့တဝက်ကို လေတက်လိုက်ရင် ပြန်ထုတ်လိုက်နိုင်ပေမယ့် တချို့က ကျန်ရစ်ခဲ့ပြီး အစာခြေစနစ်တလျှောက် ရွေ့လျားနေနိုင်တယ် ။ တဂွီဂွီဖြစ်လိုက် ၊ လေထိုးလိုက်ပေါ့လေ ။
(၉) ဝမ်းမချုပ်အောင် ဂရုစိုက်ပါ
ဝမ်းက ပုံမှန်မသွားတာနဲ့ပဲ လေတွေ ထကြွတတ်ပါတယ် ။ လေတက်မယ် ၊ လေမတက်နိုင် ၊ လေမလည်နိုင်ရင် လေထိုးလေအောင့် က စဖြစ်ပါလေရောပဲ ။ ရေများများ သောက် ၊ အမျှင်ဓာတ်များတာ စားပေးပြီး ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ဖို့ လိုပါတယ် ။

Comments
Post a Comment