Skip to main content

သွားဖုံး သွေးယိုတာ ဘာကြောင့်လဲ

 '' သွားဖုံး သွေးယိုတာ ဘာကြောင့်လဲ ''





သွားတိုက်လိုက်တိုင်းမှာ သွားဖုံး က သွေးထွက်နေပြီလား ။ ဒါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး ။ လူတော်တော်များများက သွားတိုက်ရင် သွားဖုံးက သွေးထွက်တတ်ပါတယ် ။ ဘာမှမလုပ်ဘဲ ဒီတိုင်းနေရင်း သွေးထွက်တာမျိုးလည်း ရှိပါတယ် ။ သွားဖုံးသွေးယိုတာက သွား နဲ့ ခံတွင်း ပြဿနာကြောင့် ဖြစ်နိုင်သလို တခြား ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ဒီဆောင်းပါးလေးမှာ သွားဖုံးက သွေးထွက်ရင် ဘာရောဂါတွေ ဖြစ်နိုင်လဲ ။ ဘယ်လို လုပ်ကြမလဲဆိုတာ ပြောပြပေးပါ့မယ် ။


🔴 သွားဖုံး က သွေးထွက်ရသည့် အကြောင်းအရင်းများ


♦ သွားဖုံးရောင်ရမ်းခြင်း


သွားဖုံးသွေးယိုစေတဲ့ အထဲမှာ အဖြစ်အများဆုံး အကြောင်းရင်းကတော့ သွားဖုံးရောင်တာပဲ ဖြစ်ပါတယ် ။ အဖြစ်များပေမယ့် သိပ်တော့ မပြင်းထန်တတ်ပါဘူး ။ သွားချေးကျောက်တွေကြောင့် သွားဖုံးရောင်တာ အဖြစ်များပါတယ် ။ ရောင်နေတဲ့ သွားဖုံးက အထိမခံပါဘူး ။ နီရဲပြီး ဖောင်းကြွနေတတ်ပါသေးတယ် ။ ဒါကြောင့် သွားတိုက်လိုက်တိုင်း သွေးထွက်တာပေါ့ ။


♦ ရေစီးကမ်းပြိုခြင်း


သွားဖုံးရောင်တာကို ဒီတိုင်းထားလိုက်မယ်ဆိုရင် သွားဘေးနားက တစ်ရှူးတွေ ၊ အရိုးတွေ တဖြည်းဖြည်း ပျက်စီးလာမှာပါ ။ ဒီလိုနဲ့ ပိုးဝင်လာမယ် ၊ ရောင်ရမ်းလာမယ် ၊ နောက်ဆုံး သွားတွေ အမြစ်ကနေ ကျွတ်ထွက်သွားမှာပါ ။ သွားတိုက်တိုင်း သွေးက အလွယ်တကူထွက်နေတယ် ၊ သွားတွေလည်း လှုပ်နေတယ် ၊ ခံတွင်းအနံ့ဆိုးတွေလည်း ထွက်မယ် ၊ ပါးစပ်လည်းပျက်မယ်ဆိုရင် သတိထားပါ ။ သွားဖုံးရောင်တာအပြင် ရေစီးကမ်းပြိုပြီး သွားတွေ ကျွတ်ထွက်တော့မှာပါ ။


♦ ဆီးချိုရောဂါ


သွားဖုံးသွေးထွက်တာ ၊ သွားဖုံးရောင်တာက ဆီးချိုရောဂါရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါသေးတယ် ။ ဆီးချိုရှိနေရင် ခုခံအားမကောင်းတဲ့အတွက် ပါးစပ်ထဲကို ဝင်လာတဲ့ ပိုးမွှားတွေကို မတိုက်ထုတ်နိုင်တော့ဘဲ သွားဖုံးရောင်လာပါတော့ပါတယ် ။ ပိုဆိုးတာက ဆီးချိုမထိန်းနိုင်လေလေ အနာကျက်ဖို့နှေးလေလေ သွားဖုံးရောင်တာ သက်သာဖို့ ကြာလေလေပါပဲ ။


♦ သွေးကင်ဆာ


တစ်ခါတစ်လေမှာ သွားဖုံးသွေးယိုတာက သွေးကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါသေးတယ် ။ သွေးကင်ဆာဖြစ်ရင် သွေးတိတ်စေတဲ့ သွေးဥမွှားတွေ နည်းသွားတဲ့အတွက် သွားဖုံးအပြင် တခြားနေရာမှာပါ အလွယ်တကူ သွေးယိုထွက်နိုင်ပါတယ် ။


♦ Thrombocytopenia (သွေးဥမွှားနည်းရောဂါ)


သွားဖုံးသွေးယိုတာက သွေးတိတ်ဖို့ ကြာနေမယ်ဆိုရင် သွားဖုံးရောင်နေတာကြောင့်လည်း ဖြစ်နိုင်သလို သွေးဥမွှားနည်းရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ဒီရောဂါရှိနေရင် သွားဖုံးတင်မကပါဘူး ။ ဘယ်နေရာက သွေးထွက်နေနေ သွေးတိတ်ဖို့ ကြာပါလိမ့်မယ် ။


♦ Hemophilia (သွေးမတိတ်ရောဂါ)


ဒီရောဂါမှာကျတော့ နည်းနည်းလေးထိလိုက်တာနဲ့ သွေးတွေ မတရားထွက်တော့တာပါပဲ ။ သွေးတိတ်ဖို့လည်း အချိန်ကြာပါတယ် ။


♦ ဗီတာမင်စီ ချို့တဲ့ခြင်း


ရှားပါးပေမယ့် ဗီတာမင်စီချို့တဲ့ရင် scurvy ဆိုတဲ့ ရောဂါဖြစ်တတ်ပါတယ် ။ ဗီတာမင်စီက တစ်ရှူးတွေကို ပြုပြင်တဲ့နေရာမှာ ကူညီပေးတယ် ။ အရိုး နဲ့ သွားတွေကိုလည်း ကြံ့ခိုင်စေတယ် ။ သံဓာတ်စုပ်ယူမှုကို အားပေးတယ် ။ ဒါကြောင့် ဗီတာမင်စီ ချို့တဲ့ရင် လူက သွေးထွက်လွယ်တယ် ။ အရေပြားမှာလည်း အနီစက်တွေ ထွက်တတ်တယ် ။ သွေးအားလည်း နည်းတတ်ပါတယ် ။


♦ ဗီတာမင်ကေ ချို့တဲ့ခြင်း


သွားဖုံးသွေးယိုနေပြီဆိုရင် ဗီတာမင်ကေ ချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ဗီတာမင်ကေက သွေးတိတ်စေတဲ့ အလုပ်ကို လုပ်ပါတယ် ။ သင်စားတဲ့ အစားအစာမှာ ဗီတာမင်ကေ မပါရင်ပဲဖြစ်ဖြစ် ၊ ခန္ဓာကိုယ်က ကောင်းကောင်း မစုပ်ယူရင်ပဲဖြစ်ဖြစ် သွေးမတိတ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ် ။


🔴 ဘယ်လိုကုသကြမလဲ


သွားဖုံးက သွေးထွက်တာက သွားနဲ့ ခံတွင်းပြဿနာကြောင့် ဖြစ်တာများပါတယ် ။ ဒါကြောင့် သွားဆရာဝန်နဲ့ အရင်ပြကြည့်ပါ ။ သွားကျောက်တွေကြောင့်ဆိုရင် ခြစ်ပြီးတာနဲ့ သွေးမထွက်တော့ပါဘူး ။ တစ်ပတ် ဆယ်ရက်နေလို့တောင် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသပြီး နောက်ကွယ်က အကြောင်းရင်းကို ရှာဖွေကုသရမှာပါ ။ ဒီကြားထဲ အိမ်မှာ လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့ -


♦ တစ်နေ့ နှစ်ကြိမ် သွားတိုက်တာ 

♦ သွားပွတ်ကြိုး သုံးတာ 

♦ ဆေးလိပ်ဖြတ်တာ ( ဆေးလိပ်က သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေလို့ပါ )

♦ စိတ်ဖိစီးမှု လျှော့ချတာ

♦ ဗီတာမင်စီသောက်တာ ဒါမှမဟုတ် ချဉ်တဲ့အသီးတွေစားတာ ( တစ်နေ့တာ လိုအပ်ချက် ၆၅-၉၀ မီလီဂရမ် )

♦ ဗီတာမင်ကေသောက်တာ ဒါမှမဟုတ် အစိမ်းရောင်အရွက်တွေစားတာ ( တစ်နေ့တာ လိုအပ်ချက် အမျိုးသား- ၁၂၀ မိုက်ခရိုဂရမ် ၊ အမျိုးသမီး- ၉၀ မိုက်ခရိုဂရမ် )

♦ သွေးမတိတ်ရင် ရေခဲကပ်ပေးတာ ( တစ်ခါကပ်ရင် မိနစ် ၂၀အထိ ကပ်လို့ရပါတယ် )

♦ ဆားရည်နဲ့ အာလုတ်ကျင်းပေးတာ အစရှိတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ် ။


ဒီနည်းလမ်းတွေနဲ့လည်း မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့ အကြံပေးလိုပါတယ် ။ ။

Comments

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...