မြန်မာပြည် အရှေ့မြောက်ပိုင်းဆီသို့ တိုးဝင်လာသော လေအေးများ အပိုင်း ( ၁ )
တစ်ချိန်က ဗမာပြည် ကွန်မြူနစ်ပါတီမှာ လက်ဝဲကူညီရေး တပ်သားတွေဆိုတာ ရှိခဲ့ပါတယ် ။ သူတို့ကို တရုတ်နိုင်ငံက ဗမာပြည် ကွန်မြူနစ်ပါတီ ( ဗ.က.ပ )ကို ကူညီဖို့ တရုတ်ပြည်ကနေ စေလွှတ်ခဲ့တာဖြစ်ပါတယ် ။ တရုတ်ဟာ လာအို ပြည်တွင်းစစ် ၊ ဗီယက်နမ် စစ်ပွဲတွေကို ဝင်ရောက်ကူညီဖို့ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသား တပ်ဆွယ် ၁ နဲ့ ၂ ကိုအပြည်ပြည်ဆိုင်ရာ လက်ဝဲကူညီရေး တပ်အဖြစ် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ် ။ ထိုအထဲကမှ တပ်သားတစ်ချို့ကို ဖွဲ့စည်းပြီး မြန်မာပြည်ထဲကို စေလွှတ်ခဲ့ကြပါတယ် ။ စုစုပေါင်း အယောက် ၃၀၀ နီးပါးရှိပြီး အယောက် ၆၀ ဟာ စစ်အစိုးရဲ့ တပ်တွေ နဲ့ တိုက်တဲ့ပွဲမှာ သေဆုံးခဲ့ကြရပါတယ် ။ လက်ဝဲ ကူညီရေးတပ်သားတွေဟာ မြန်မာမြေပေါ်မှာ ၁၈ နှစ် ကြာနေထိုင်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ( ဗ.က.ပ )ရဲ့ လုပ်ငန်းတွေကို ထမ်းဆောင်ခဲ့ကြပါတယ် ။ ဒီအအကြောင်း မပြောခင် တရုတ်နိုင်ငံအကြောင်းကို အရင် ပြောကြရအောင် ။
၁၉၄၉ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီဟာ နိုင်ငံကို စတင်ထူထောင်ခဲ့ပါတယ် ။ စစ်အေးခေတ်တွေ အကြီးအကျယ် ဖြစ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံဟာ စစ်အေးခေတ်ထဲမှာ ပါဝင်ပတ်သက် လာပါတော့တယ် ။ တရုတ်နိုင်ငံရဲ့ အရှေ့တောင်ပိုင်း နဲ့ အရှေ့မြောက်ပိုင်းတွေမှာ အမေရိကန်က ဂျပန် ၊ ထိုင်ဝမ် ၊ တောင်ကိုရီးကို ထိန်းချုပ်ထားကြတယ် ။ တောင်ဖက်မှာ အာဆီယံ ၊ အနောက်ဖက်မှာ အိန္ဒိယ နဲ့ အနောက်မြောက်ဖက်မှာ မွန်ဂို နဲ့ ဂျုးတွေ စသည်ဖြင့် အဖက်ဖက်က ပိတ်ဆို့ခံထားရတယ်လို့ တရုတ်တို့က ထင်ကြပါတယ် ။ ဒါကြောင့်မို့ ၎င်းတို့ရဲ့ထွက်ပေါက်က မြန်မာပြည်သာရှိတယ်လို့ ယုံကြည်ပြီးတော့ ဗ.က.ပကို အစွမ်းကုန် ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ် ။ ဗ.က.ပ ဟာ ဗီယက်နမ် နဲ့ လာအိုပြီးရင် တရုတ်ပြည်ရဲ့ ထောက်ပံ့ခံရမှု တတိယ အများဆုံးဖြစ်ခဲ့ပါတယ် ။
၁၉၅၀မှာ ယိမ်းယိုင်သွားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဗ.က.ပရဲ့ လူငယ်ပါတီဝင်တွေကို တရုတ်ပြည်ထဲကို လွှတ်ပြီးတော့ ပညာတော်သင်သွားစေခဲ့ပါတယ် ။ တစ်ချိန်တည်းမှာပဲ ကချင်ပြည်မှာ လှုပ်ရှားနေတဲ့ ဗိုလ်မှူးကြီးနော်ဆိုင်း ( ကချင်အမျိုးသားတပ်မတော်ကို စတင်တည်ထောင်သူ )ရဲ့တပ်တွေကလည်း အကွဲကွဲအပြဲဲပြဲ နဲ့ တရုတ်ပြည်ထဲကို ဝင်ရောက်လာခဲ့ကြရတယ် ။ ထိုအချိန်မှာ တရုတ်ရဲ့ ထိပ်သီးခေါင်းဆောင်တွေက ထိုနှစ်ဖွဲ့ကို ပေါင်းစေပြီး ဗ.က.ပကိုပြန်လည် အသက်သွင်းဖို့ အကြံအပေးပါတော့တယ် ။ လိုအပ်တဲ့ အကူအညီများကိုလည်း ပေးမယ်လို့ ကတိပြုခဲ့ကြတယ် ။ ဒါကြောင့်မို့ ဗမာပြည် ကွန်မြူနစ်ပါတီ ( ဗ.က.ပ )ဟာ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဒေသမှာ အခြေစိုက်ပြီး တရုတ်နိုင်ငံကို နောက်ခံကာ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲခဲ့ကြပါတယ် ။
ရှေးဦးစွာ မုန်းကိုး ကို စတင်တိုက်ခဲ့ပြီးအောင်ပွဲ ရယူနိုင်ခဲ့ကြရတယ် ။ ထိုနေရာမှာပဲ အခြေစိုက်စခန်းကို ဖွင့်လှစ်နိုင်ခဲ့တယ် ။ ဗမာအစိုးရတပ်တွေကတော့ တရုတ်တပ်တွေ ဝင်တိုက်တယ် အထင်နဲ့ ကြောက်ကြောက်လန့်လန့် ပြေးခဲ့ကြပေမယ့် နောက်ပိုင်းမှာ ငယ်နိုင် ဗ.က.ပဖြစ်နေတာ သိလိုက်တဲ့အတွက်ကြောင့် ဗ.က.ပကို အလုံးအရင်းနဲ့ စတင် တိုက်ခိုက်ကြပါတေ့ာတယ် ။ ဗ.က.ပဟာ မရှူနိုင် မကယ်နိုင်ဖြစ်ပြီး လုံးဝပျက်သုဉ်းမယ့် အန္တရာယ်ထဲ ကျရောက်နေခဲ့ရပါပြီ ။ ထို့ကြောင့် ဗ.က.ပ ကိုယ်စားလှယ်တွေဟာ တရုတ်ပြည်ဖက်ကို ကူးပြီး အကူအညီပေးရန် တောင်းဆိုခဲ့တဲ့ အတွက်ကြောင့်မို့လို့ အပြည်ပြည်ဆိုင်ရာ လက်ဝဲကူညီရေး တပ်သားတွေရဲ့ အခန်းကဏ္ဍဟာ သမိုင်းထဲမှာ ပါဝင်လာခဲ့ရပါတော့တယ် ။
မြန်မာပြည်အရှေ့မြောက်ဆီသို့ တိုးဝင်လာသောလေအေးများ အပိုင်း ( ၂ ) နောက်ဆုံးပိုင်း
December 28, 2021
လက်ဝဲကူညီရေး တပ်သားတွေကို ရွေးချယ်တဲ့နေရာမှာ အချက်လေးချက်ရှိပါတယ် ။ အဲ့တာတွေကတေ့ာ
( ၁) နိုင်ငံပြင်ပနဲ့ ဆက်ဆံမှု မရှိတဲ့လူဖြစ်ရမယ်
(၂) ကျန်းမာရေးကောင်းမွန်ရမယ်
(၃) သမီးရည်းစား သားသမီးတွေ မရှိတဲ့သူဖြစ်ရမယ်
(၄) နိုင်ငံရေး ခံယူချက် အတွေးအခေါ် စသည်တို့နဲ့ ရွေးချယ်တာဖြစ်ပါတယ် ။
၁၉၆၈ မတ်လ၂ရက်နေ့မှာတော့ ခိုကိုင်းတပ်ရင်း ၊ ခိုကိုင်းတပ်ရင်း(၅)မှာ လက်ဝဲကူညီရေး တပ်သားတွေ ၊
တရုတ်ရဲ့ စစ်ဦးစီးတွေ နဲ့ သခင်ဗသိန်းတင် တို့ တွေ့ဆုံကြပါတယ် ။ ဒီပွဲဟာ တပ်သားတွေကို ဗ.က.ပထဲ လွှဲပြောင်းပေးတဲ့ မိတ်ဆုံစားပွဲလည်း ဖြစ်ပါတယ် ။ သခင်ဗသိန်းတင် အဲ့အချိန်က ဗ.က.ပရဲ့ ဒုဥက္ကဌရာထူးကို ဆက်ခံထားသူလည်းဖြစ်ပါတယ် ။ (မှတ်ချက်။ ။မော်စီတုန်း နဲ့ သူ နဲ့ တွေ့စဥ်အချိန်တုန်းက ဗမာပြည်တော်လှန်ရေး '' တော်လှန်ရေးဘယ်လောက်ကြာမလဲ '' လို့ ဥက္ကဋ္ဌ မော်က မေးတဲ့အခါ သခင်ဗသိန်းတင် က ၈နှစ်လို့ ပြန်ဖြေခဲ့ပါတယ် ။ ၈နှစ်ဆိုများတယ် မြန်မြန်လုပ် ညတာရှည်ရင် အိမ်မက်ရှည်မယ်လို့ ဥက္ကဋ္ဌ မော်က ပြန်ပြောခဲ့ဖူးပါတယ် ။ )
ပြန်ဆက်ကြရအောင် ။
သခင်ဗသိန်းတင် မိတ်ဆုံစားပွဲမှာ မိန့်ခွန်းပြောကြားခဲ့အပြီးမှာတော့ ပါတီနှစ်ခုရဲ့ တပ်သားပြောင်းရွှေ့ရေး ညီလာခံ ပြီးဆုံးသွားခဲ့ပါပြီ ။ ၁၉၆၈ မတ်လ၁၂ရက်နေမှာ လက်ဝဲကူညီရေး တပ်သားတွေ လက်နက်ခဲယမ်းတွေ ကိုယ်စီယူပြီး ခရီးစတင်ခဲ့ကြပါတော့တယ် ။ ယူနန် - မြန်မာ ကားလမ်းအတိုင်း လာခဲ့ကြပြီးတော့ မန်စီကို ရောက်ခဲ့ကြတယ် ။ ထို့နောက်
လမ်းမပေါက်တဲ့အတွက် တောတောင်တွေကိုဖြတ်ကာ မန်စီမှ တစ်ဆင့် နောင်အခါ ဗ.က.ပရဲ့ရှေ့တန်း အခြေစိုက်ရာစခန်းတစ်ခုဖြစ်လာမယ့် မန်ဟိုင်းကို ရောက်ခဲ့ကြပါတယ် ။ ရောက်ရောက်ချင်း မနားရသေးပါဘူး အမိန့်တစ်ခုကျလာခဲ့တယ် "ပစ္စည်းတွေ ယူပြီး ရှေ့တန်းထွက်ရမယ် ။ အဝတ်အစားတွေ အမြန်ဆုံးလဲရမယ်"
ဗ.က.ကရဲ့ ဝတ်စုံဟာ မြက်စိမ်းပုပ်ရောင်ဖြစ်တယ် ။ စစ်ဦးထုပ်ကတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့ ဦးထုပ်နဲ့ တစ်ပုံစံတည်းဖြစ်တယ် ။ အညိုရောင် ပလတ်စတစ် ခါးပတ် ၊ ရေဘူး ၊ စစ်ဖိနပ်နှစ်ရံ ၊ ခြင်ကာကွယ်ရေးဦးထုပ်ညနဲ့ စောင်တစ်ထည်ပေးအပ်ခဲ့ပါတယ် ။ညဒါတွေဟာ ထိုခေတ်အခါက တရုတ်စစ်သားတွေတောင်မှ မရတဲ့ ပစ္စည်း တွေဖြစ်ပါတယ် ။ ဒါကြောင့် တရုတ်ဟာ ဗ.က.ပကို ဘယ်လောက်ထိ မျှော်မှန်းထားလည်းဆိုတာကို သိနိုင်လောက်ပါတယ် ။
ထိုစဥ်က ဗ.က.ပဟာ မြန်မာပြည်တွင်းမှာ တပ်ဆွယ်နှစ်ခု ( ၃၀၃ တပ်ဆွယ် နဲ့ ၄၀၄တပ်ဆွယ် )နဲ့ လှုပ်ရှားနေတာ ဖြစ်ပါတယ် ။ ၃၀၃တပ်ဆွယ်က သံလွင်မြစ် အနောက်ဖက် ကွတ်ခိုင်မှာ လှုပ်ရှားနေပြီးတော့ ၄၀၄ တပ်ဆွယ်ကတော့ သံလွင်မြစ်အရှေ့ဖက် ကိုးကန့်မှာ လှုပ်ရှားနေတာ ဖြစ်ပါတယ် ။ လက်ဝဲကူညီရေး တပ်ဖွဲ့ဝင်တွေဟာ နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့ကို ၃၀၃ တပ်ဆွယ် နောက်တစ်ဖွဲ့ကို ၄၀၄ တပ်ဆွယ်စီ သွားရောက်ပူးပေါင်းခဲ့ကြပါတယ် ။ ပထမတစ်ဖွဲ့မှာ တပ်သားပေါင်း၁၄၀ရှိပြီး ဒုတိယအဖွဲ့မှာတော့ တပ်သားပေါင်း ၁၀၂ယောက်ရှိပါတယ် ။
လက်ဝဲကူညီရေး တပ်သားတွေ ရှေ့ဆက်လာရာ မုန်းကိုးမြစ် (တရုတ် - မြန်မာ နယ်စပ်က မုန်းကိုးမြစ်) ရောက်ရှိလာခဲ့ပါပြီ ။ မြစ်ဟုခေါ်သော်လည်း စမ်းချောင်းသာသာ သာနက်ပါတယ် ။လက်ဝဲကူညီရေး တပ်သားတွေ ဖြစ်ကြတဲ့ တရုတ်မြန်မာနယ်စပ်က တိုင်းရင်းသားတွေ ( ဥပမာ - ဂျိမ်းဖော ၊ထိုင်း ( ရှမ်း - တရုတ် )လူမျိုးများ ) ၊ ပြည်မကြီးက တပ်မှူးတပ်သားတွေ ၊ကျေးရွာအသေးလေးတွေက ကွန်မြူနစ်ကို ယုံကြည်တဲ့ လူငယ်တွေဟာသူတို့ဘောင်းဘီကို ခေါက်တင်လိုက်ကြပါတယ် ။ ထို့နောက် မြစ်ကို စတင်ဖြတ်ကူးခဲ့ကြပါတယ် ။ ရဲရင့်ခြင်း ၊ တည်ကြည်ခြင်း ၊ အမိမြေကို လွမ်းဆွတ်ခြင်း တွေနဲ့အတူ ခြေလှမ်းတွေ ကို လှမ်းခဲ့ကြရတယ် ။ ဘယ်လိုအန္တရာယ်တွေ စောင့်မျှော်နေမယ် ၊ ဘယ်လို ဒုက္ခတွေစောင့်မျှော်နေမယ် သူတို့မသိခဲ့ကြပါ ။ ညမှောင်မှောင် အချိန်မှာ တရုတ်ပြည်ရဲ့ တောင်တန်းတွေကို ကျောပေးပြီး နိုင်ငံရေး ရှုပ်ထွေးလှတဲ့ တစ်ဖက်ကမ်းက အပူပိုင်း အမြဲစိမ်းတောတွေဆီကို ဖြတ်ကူးနေကြတဲ့ လူငယ်လေးတွေဟာ သမိုင်းမတွင်တဲ့ သမိုင်းကို ရေးဖို့ စတင် စုတ်တံကိုင်ခဲ့ကြပါတော့တယ် ။
December 27, 2021
#ကောင်းဆက်ဟိန်း

နောက်ထပ်လဲတင်ပေးဖို့မျှော်လင့်ပါတယ်ရှင့်
ReplyDelete