Skip to main content

အသည်းရောင် အသားဝါ B ပိုး (Hepatitis B)


 💠 အသည်းရောင် အသားဝါ B ပိုး (Hepatitis B) 💠


အသည်းရောင် အသားဝါ B ပိုး ဆိုတာ အသံတိတ် လူသတ်သမား အုပ်စုမှာပါတဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ သူရှိကြောင်း လက္ခဏာတွေ သိပ်မပြတာကြောင့် သွေးစစ်ကြည့်မှ ရှိနေမှန်းသိသလို ၊ တချို့ ကံမကောင်းရင်တော့ ရောဂါတော်တော်ကျွမ်းမှပဲ B ပိုး ရှိနေကြောင်း သိကြတာများပါတယ်။


ဖြစ်ချိန်တန်ရင် ဖြစ်ကိုဖြစ်လာတဲ့ ရှောင်လွဲလို့ မရတဲ့ ကံတရားကလည်း ရှိနေတော့ မတော်တဆ ကိုယ့်မှာ အသည်းရောင် အသားဝါ B ပိုးရှိနေပြီဆိုပါတေ့ာ။ ရှေ့လျှောက် ပိုဆိုးမလာအောင် ထိန်းဖို့ ၊ B ပိုးကို အနိုင်တိုက်ဖို့ အခြေအနေ ရောက်သွားပြီဆိုရင်တော့ ဒါတွေ သိထားဖို့ လိုလာပါပြီ ။


🔴 အသည်းရောင် အသားဝါ B ပိုး ရှိသူတိုင်း သိထားသင့်တဲ့ အချက်တွေ - 


၁ – ကိုယ့်ရဲ့ ပိုးကောင်ရေ များလာ လား ၊ နည်းသွား လားဆိုတာကိုပုံမှန် သွေးစစ်ပါ ။


ဘယ်သူမှတော့ ကိုယ့်အသားကို အပ်နဲ့ထိုးပြီး သွေးထုတ်တဲ့ ကိစ္စကို မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် B ပိုးရှိသူတွေ အနေနဲ့ကျတော့ ရှိနေတဲ့ ပိုးကောင်ရေ ပမာဏကိုသိဖို့နဲ့ အသည်းကို ထိခိုက်နေပြီလား သိဖို့အတွက် နှစ်စဉ် ဒါမှမဟုတ် ၆ လ တစ်ခါ သွေးစစ်ပေးဖို့ လိုပါတယ်။ ဒါမှ ကိုယ့်ရဲ့ သွေးအဖြေပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုပုံစံကို ဆရာဝန်တွေက ပေးနိုင်မှာဖြစ်လို့ပါ ။ ဒါကြောင့် သွေးဖောက်ဖို့ကို ကြောက်ပြီး သွေးမစစ်ဘဲ မနေပါနဲ့ ။


၂ – B ပိုးထိန်းတဲ့ဆေးကို ဆရာဝန်က သောက်ဖို့ ညွှန်ကြားရင်လည်း ညွှန်ကြားချက်အတိုင်းလိုက်နာပါ ။ 


နေမကောင်းဖြစ်လို့ ဆေးသောက်တဲ့အခါ သောက်ဖို့မေ့သွားတာ ၊ ဆေးပတ်လည်အောင် မသောက်မိတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ သာမန်ဆေးတွေ ကတော့ ဘာမှမဖြစ်ပေမယ့် ဒီ အသည်းရောင်အသားဝါ B ပိုးကို ထိန်းမယ့်ဆေးကိုတော့ နေ့တိုင်း မမေ့မလျော့ ပုံမှန်သောက်ပေးဖို့ အရေးကြီးပါတယ် ။ ဆေးသောက်ဖို့  ပျက်ကွက်သွားတာနဲ့ ကုသမှုမှာ အကျိုးလျော့သွားနိုင်သလို B ပိုးလည်း ဆေးနဲ့ယဉ်ပါးသွားဖို့ အခွင့်အရေးများသွားနိုင်ပြီး အသည်းကိုပိုပြီး ဒုက္ခပေးနိုင်ပါတယ် ။ ဒါကြောင့် သေချာ အချိန်တစ်ခုသတ်မှတ်ပြီး ဆေးကို မမေ့ဘဲ ပုံမှန်သောက်ပါ။


၃ – စိတ်ရှည်ပါ။


အသည်းရောင် အသားဝါ B ပိုးဆိုတာ ရိုးရိုး သာမန်တုပ်ကွေး တွေလို ၁ ပတ်လောက် ဆေးသောက်လိုက်တာနဲ့တင် အနိုင်တိုက်လို့ ရတဲ့ ပိုးမျိုးမဟုတ်ဘူးဆိုတာ စိတ်ထဲမှာ တွေးထားပါ ။ B ပိုးကို နိုင်တဲ့ ဆေးတွေဖြစ်တဲ့ Tenofovir တို့ ၊ Entecavir တို့ဟာ အချိန်အကြာကြီး စွဲသောက်မှ ပိုးကောင်ရေကို လျှော့ချနိုင်ပြီး အသည်းထိခိုက်မှုနည်းအောင် ကာကွယ်ပေးနိုင်မှာပါ ။ ဆေးကို ညွှန်ကြားတဲ့အတိုင်း စွဲမသောက်ဘဲ စိတ်မရှည်လို့ ကုသမှုမပြီးခင် ရပ်လိုက်လို့ကတော့ ပိုးကောင်ရေနဲ့ အသည်းကိုထိခိုက်နိုင်တဲ့ နှုန်းဟာ အရင်ကထက် ပိုမြင့်တက်သွားပါလိမ့်မယ် ။ ဒါကြောင့် ဆေးသောက်ဖို့ စိတ်ရှည်ပါ ။


၄ – အသည်းကင်ဆာ ရှိ၊မရှိ ပုံမှန်စစ်ဆေးဖို့လည်း မမေ့ပါနဲ့ ။ 


အသည်းရောင် အသားဝါ B ပိုးက အသည်းကိုထိခိုက်စေတတ်ပြီး နောက်ဆုံးမှာ အသည်းကင်ဆာအထိ ပြောင်းလဲသွားစေတဲ့ အဓိက တရားခံပါ။ ဒါကြောင့် အသည်းကင်ဆာရှိ၊မရှိ ပုံမှန် ဆေးစစ်ပါ။ အာထရာဆောင်းရိုက်ပါ ။


ဒါဆို တစ်ခုမေးစရာတော့ရှိပါလိမ့်မယ့်။ B ပိုး ဗိုင်းရပ်စ်သတ်ဆေးသောက်နေတာပဲ အသည်းကင်ဆာ ကို စိုးရိမ်စရာလိုမလားပေါ့။ B ပိုးသတ်ဆေးက အသည်းကိုထိခိုက်နိုင်တဲ့ နှုန်းကို လျှော့ချပေးတာ မှန်ပေမယ့် လူနာက အသက်ကြီးနေရင် ၊ မျိုးရိုးထဲမှာ အသည်းကင်ဆာ ဖြစ်ဖူးတဲ့သူရှိနေရင် ၊ နဂိုတည်းက အသည်းခြောက်တဲ့ ဝေဒနာခံစားနေရရင် အချိန်မရွေး အသည်းကင်ဆာ ဖြစ်နိုင်တာကြောင့် ကြိုပြီး သိထားလို့ရအောင် စစ်ဆေးကြည့်တာ မမှားပါဘူး။ စောစောသိတော့ စောစော ကုသမှုခံယူလို့ရတာပေါ့ ။ စစ်ဆေးမှုကြောင့် ပိုက်ဆံကုန်မှာကို မမြင်ပါနဲ့ ။


၅ – B ပိုးအတွက် ဟိုဆေးလေးကကောင်းတယ် ၊ ဒီဆေးလေးက ကောင်းတယ်ဆိုပြီး ဆေးတွေစုံအောင် လျှောက်မသောက်ပါနဲ့ ။


လူတိုင်းကတော့ ကိုယ်ဖြစ်နေတဲ့ ရောဂါ လုံးဝ အမြစ်ပြတ်ပြီး အမြန်ပျောက်ချင်တဲ့ သူချည်းပါပဲ ။ ဒီတော့ ကောင်းပေ့ ၊ စွမ်းပေ့ဆိုတဲ့ ဆေးတွေကို လျှောက်စမ်းကြတာကို အပြစ်ပြောလို့တော့မရပါဘူး ။ ဒါပေမယ့် တစ်ခုစဉ်းစားရမှာက အခြားလူတွေညွှန်းတဲ့ လေ့လာချက်တွေ သေချာလုပ်မထားတဲ့ ဆေးကိုရွေးမလား ၊ လေ့လာစမ်းသပ်မှုတွေ သေချာလုပ်ထားတဲ့ ဆရာဝန် ညွှန်ကြားတဲ့ဆေးတွေကို သောက်မလားဆိုတာပါ။


တစ်ချက်တည်းနဲ့ B ပိုးကို အနိုင်တိုက်နိုင်တဲ့ မှော်ဆေးဆိုတာ မရှိပါဘူး ။ စိတ်ရှည်ရှည်နဲ့ ဆေးကုသမှုကိုသေချာခံယူပြီး အစားအသောက် ၊ လူနေမှု့ပုံစံတွေကိုပါ ထိန်းမှ B ပိုးကို အနိုင်တိုက်နိုင်မှာပါ။


၆ – ကိုယ်ဝန်ကြီးနဲ့ B ပိုးရှိနေပြီဆိုရင် ဘယ်လို လုပ်ရမလဲ ။ ပိုးသတ်ဆေးသောက်ရင် ကလေးကို ထိခိုက်နိုင်သလား ။


အမေရိကန်နိုင်ငံ B ပိုးသုတေသန ဌာနကပြောကြားချက်တွေအရ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ မှာ B ပိုးကောင်ရေ 200,000 IU/mL ထက်များနေရင် tenofovir တို့ telbivudine လို ပိုးသတ်ဆေးတွေကို ကိုယ်ဝန်ပတ် ၂၈ ပတ် လောက်မှာ စသောက်လို့ရပါတယ်လို့ ဆိုပါတယ် ။ ဒီဆေးတွေဟာ သင့်ဗိုက်ထဲက ကလေးကိုထိခိုက်စေမှာ မဟုတ်ပါဘူး ။ ဒါ့ပြင် မီးဖွားပြီးပြီးချင်း ၁၂ နာရီအတွင်း ကလေးကို B ပိုး ကာကွယ်ဆေးနဲ့ ပဋိပစ္စည်းတွေထိုးပေးလိုက်ရင်လည်း ကလေးဆီ B ပိုးကူးစက်နိုင်ချေက သိသိသာသာနည်းသွားမှာ ဖြစ်ပါတယ် ။


၇– ကိုယ့်ဆီကနေ သူများဆီကို မကူးစေချင်ဘူးဆိုရင် ကိုယ့်ဘက်က ကာကွယ်မှုတွေ လုပ်ထားဖို့တော့ လိုပါလိမ့်မယ် ။


B ပိုးဟာ သွေးတို့ ၊ ချွေးတို့ ၊ တံတွေးတို့လို ကိုယ့်ခန္ဓာကနေထွက်တဲ့ အရည်တွေကနေ တစ်ဆင့် ၊ လိင်ဆက်ဆံရာကတစ်ဆင့် ၊ ဆေးထိုးအပ်ကနေ တစ်ဆင့် ကူးစက်တတ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ ။ ဒီတော့ သွားပွတ်တံ တစ်ခုတည်းကို တူတူသုံးတာ ၊ ဆေးထိုးအပ်တစ်ခုတည်းကို မျှသုံးတာ ၊ အကာအကွယ် မပါဘဲ လိင်ဆက်ဆံတာမျိုးတွေကို ကိုယ့်ဘက်နေ စပြီးစည်းထား ရှောင်ရပါမယ် ။


၈ – B ပိုးရှိနေပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ပတ်ဝန်းကျင်ကနေ သွေးဖယ်မထားလိုက်ပါနဲ့ ။


B ပိုးဟာ သူများကို ကူးစက်နိုင်တဲ့ ရောဂါဆိုတာ မှန်ပါတယ် ။ ဒါပေမယ့် ကိုယ့်ဆီမှာ B ပိုးရှိလို့ဆိုပြီး စိတ်ပျက် အားငယ်မသွားလိုက်ပါနဲ့ ။ ဆေးမှန်မှန်သောက်သွားရင် ပိုးကောင်ရေကို ထိန်းထားပေးသွားမှာ ဖြစ်လို့ အခြားသူဆီကို ကူးစက်နိုင်ချေလည်း နည်းပါးသွားပါလိမ့်မယ်။ B ပိုးရှိနေလို့ဆိုပြီး ကိုယ့်ရဲ့ အလုပ်၊ အိပ်မက်၊ ပညာရေးအားလုံးကို စွန့်လွှတ်လိုက်စရာ မလိုပါဘူး ။


၉ – ကိုယ့်မှာရှိနေတဲ့ B ပိုးအကြောင်းကို ထိမ်ချန်မထားဘဲ မိသားစု အပေါင်းအသင်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖွင့်ပြောပါ ။


ကိုယ့်မှာ ကူးစက်တတ်တဲ့ ရောဂါပိုးတစ်ခုရှိနေကြောင်း ဖွင့်ပြောဖို့ကို လူတိုင်းဝန်လေးကြပါတယ် ။ ဒါပေမယ့်လည်း ချွေးတို့ ၊ တံတွေးတို့ ၊ လိင်ဆက်ဆံတာတို့ကနေ B ပိုးက ကူးစက်တတ်တယ်ဆိုတော့ မိသားစုဝင်တွေ ၊ ကိုယ်ချစ်ရတဲ့သူတွေကို ကိုယ့်ရောဂါအကြောင်း ကြိုပြီး ပြောထားဖို့လိုပါတယ်။ ဒါမှ သူတို့လည်း ကြိုတင်စစ်ဆေးမှုတွေ ပြုလုပ်မိမှာဖြစ်ပြီး ရှိနေခဲ့ရင်လည်း ကုသမှုကို စောစောခံယူနိုင်တာကြောင့် ဆိုးဝါးတဲ့ အခြေအနေတွေကို ရှောင်လွှဲပြီးသား ဖြစ်မှာပါ။


ဒါ့ပြင် ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါမှာလည်း မိမိမှာ B ပိုးရှိတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုပါတယ်။ ဒါမှသူတို့လည်း သတိထားပြီး မကူးစက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။


ဒီနေ့မှာတော့ အသံတိတ်လူသတ်သမားထဲက တစ်ခုဖြစ်တဲ့ အသည်းရောင် အသားဝါ B ပိုး ရှိသူတိုင်း သိထားသင့်တဲ့ အချက်တွေ နဲ့ ရှောင်ကြဉ်ရမယ့် အချက်ကလေးတွေပြောပြပေးပြီးသွားပြီဆိုတော့ နောက်နေ့မှာလည်း ဘယ်လို အကြောင်းအရာလေးတွေနဲ့ ပြန်လာမယ်ဆိုတာ ဆက်လက် စောင့်ကြည့်နေပေးပါနော်။ 


"သွေးစစ်ဖို့မမေ့ပါနဲ့၊ ရောဂါဖြစ်တာ ရှက်စရာ မဟုတ်ပါ"  မိမိနှင့် မိမိချစ်တဲ့ မိတ်ဆွေ သူငယ်ချင်းများအပေါ်  ပွင့်ပွင့်လင်းလင်းပြောထားခြင်းဖြင့် B ပိုး၊ C  ပိုး စတဲ့ သွေးနဲ့ ချွေး‌တွေက တဆင့် ကူးစက်တတ်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ကြရအောင်လားရှင်။


#vaa

#Bပိုး


VAA (VHCA Alumni Association)

Comments

  1. အဖြစ်များလှတဲ့ Bပိုးး
    ကြိုတင်ကာကွယ်ကြပါစို့

    ReplyDelete

Post a Comment

Popular posts from this blog

Otomycosis ( နားမှိုစွဲခြင်းရောဂါ )

 Otomycosis ( နားမှိုစွဲခြင်းရောဂါ )      🙋  အားလုံးပဲ   မင်္ဂလာပါ 🙋 VAA ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်အခုတစ်ခါမှာတော့ ပရိတ်သတ်တွေရဲ့တောင်းဆိုချက်အရ နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။  နားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေ ၊ လက္ခဏာတွေ ၊ ဘယ်လိုဆေးဝါးတွေကို အသုံးပြုနိုင်မလဲ ၊ ဆောင်ရန် ၊ ရှောင်ရန် ၊နောက်ဆက်တွဲ ပြဿနာတွေ နှင့် ကာကွယ်နည်းများကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးလိုက်ပါတယ် ။ နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosis လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။ 🔴 နားမှိုစွဲရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှို နှစ်မျိုးပဲ ဖြစ်ပါတယ် ။ အဲ...

Circulation of Blood

 Circulation Of Blood           မင်္ဂလာပါ VAA Facebook  Page  မှ ပရိတ်သတ်ကြီးများခင်ဗျာ   အခု​ဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ခန္ဓာကိုယ်အတွင်းမှာလှည့်ပတ်နေတဲ့ သွေးအကြောင်းပဲဖြစ်ပါတယ် ။ သွေးထဲမှာဆိုရင် သွေးရည်ကြည်၊သွေးနီဥ ၊ သွေးဖြူဥ ၊ သွေးဥမွှားတွေပါရှိပြီး သူတို့လေးတွေကရော ဘာလုပ်ငန်းတွေလုပ်ဆောင်တာလဲ?  ဒါ့အပြင် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ၊ သွေးလွှတ်ကြော ၊ သွေးပြန်ကြောတွေကရော ဘာတွေလဲ? စသဖြင့် ဗဟုသုတ ရစေရန် ရည်ရွယ်၍ တင်ဆက်ပေးလိုက်ပါသည်။  ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း  ( Circulation of Blood )  ခန္ဓာကိုယ် သွေးလှည့်ပတ်ခြင်းစနစ်တွင်        (၁) သွေး       (၂) နှလုံး နှင့်       (၃) သွေးကြောများ စသည်တို့ ပါဝင်ပါသည် ။ (၁)   သွေးအကြောင်း          သွေးသည် သွေးကြောများ အတွင်းတွင် အရည်အဖြစ် လှည့်ပတ်လျက်ရှိသည် ။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အရေးကြီးသည် ။ သွေးသည် အသက် ဖြစ်သည် ။ မည်သည့်နေရာမှမဆို သွေးယိုထွက်ခြင်း လွန်ကဲပါက အသက်ဆုံးရှုံးန...

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်များ

  နှစ်တစ်နှစ်တာရဲ့ အချိန်တစ်ခုကို ရောက်လာပြီဆိုရင် နှာချေတာ ၊ ချောင်းဆိုးတာ ၊ နှာရည်ယိုတာတွေကို ခံစားရပြီဆိုရင် သေချာတာက ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားနေရတာပါ ။ ရာသီဥတုကြောင့် ဓာတ်မတည့်မှု ခံစားရသူတွေဟာ ဆောင်းဦးကာလ နွေဦးကာလတွေကို ရောက်လာပြီဆိုရင် လေထုထဲမှာ ဝတ်မှုန်တွေ မှိုတွေ များလာတာကြောင့် ဓာတ်မတည့်မှုကို ခံစားရပါတယ် ။ ဒီလိုမျိုး ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေကို မခံစားချင်ဘူးဆိုတဲ့ သူလေးတွေ ရှိပါသလား ။  ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ ပြောပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော် ။ 🔴 ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု ဆိုတာ - ရာသီအကူးအပြောင်း ဖြစ်ချိန်မှာ သစ်ပင်တွေကနေ ကျတဲ့ ဝတ်မှုန်တွေ ၊ မြက်တွေကနေ ထွက်တဲ့ ဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် ပန်းတွေ ပွင့်တတ်တဲ့ နွေဦး နဲ့ ဆောင်းဦးကာလတွေမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ခံစားရနိုင်ပါတယ် ။ 🔴 ဘယ်အချက်တွေက ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တာလဲ ရာသီအပြောင်းအလဲမှ...