Musculoskeletal Injuries
မင်္ဂလာပါ VAA မှ စာဖတ်သူပရိတ်သတ်များခင်ဗျာ
အခုဖော်ပြပေးမယ့်အကြောင်းအရာလေး ကတော့ အရိုးကျိုးရခြင်း အမျိုးမျိုးနဲ့ အကြောင်းတစ်ခုခုကြောင့် အရိုးကျိုးသွားခဲ့သည်ရှိသော် အရေးပေါ်ပြုစုနည်းများကိုဖော်ပြပေးမှာဖြစ်ပါတယ်။
အရိုးကျိုးခြင်း
Musculoskeletal ထိခိုက်ဒဏ်ရာ
အရိုးကျိုးခြင်းဆိုသည်မှာ အရိုးသည် အရှိန်တစ်ခုခုကြောင့် မူလ မျက်နှာပြင် အနေအထားမှ ဆက်စပ်မှု ပြတ်တောက်သွားခြင်းဖြစ်သည်။
အရိုးကျိုးခြင်းအကြောင်းအရင်းများ-
🦴အရိုးကျိုးရခြင်းအကြောင်းအရင်းများမှာ
၁။တိုက်ရိုက်အရှိန်ကြောင့်ကျိုးခြင်း။
ဥပမာ - အရိုးနှင့်အရာဝတ္ထု တိုက်ရိုက်ထိခိုက်မိခြင်း၊
၂။သွယ်ဝိုက်သော အရှိန်ကြောင့် ကျိုးခြင်း။ဥပမာ - လက်ထောက်လဲသောအခါ ညှပ်ရိုးကျိုးခြင်း၊
၃။ကြွက်သားများရှုံ့တွဲခြင်းကြောင့် ကျိုးခြင်း။
ဥပမာ - ခြေဖဝါးကြွက်သားများ လျင်မြန်စွာ ရှုံ့တွလိုက်ခြင်းကြောင့် ခြေဖမိုး အရိုးကျိုးခြင်း၊
🦴အရိုးကျိုးခြင်းအမျိုးအစားများ
၁။ အပွင့်ကျိုးခြင်း
၂။ အပိတ်ကျိုးခြင်း
အပွင့်ကျိုးခြင်း (Open Fracture)
အရိုးကျိုးပြီးအရေပြားများ ပေါက်ပြဲကာ အမျိုးများ ငေါထွက်နေမည်။
အပွင့်ကျိုးခြင်း လက္ခဏာများ
၁။ အရေပြားပေါက်ပြဲ၍ သွေးများထွက်ခြင်း။
၂။ အရေပြားကိုဖောက်၍ အရိုးများငေါထွက် နေခြင်း။
၃။ အရိုးကျိုးသော အစိတ်အပိုင်းကို အထိမခံနိုင်ခြင်း၊
၄။ လှုပ်ရှားလျှင် ပိုမိုနာကျင်ခြင်း။
၅။ ရောင်ရမ်းခြင်း၊
၆။ သွေးဆုတ်သွေးလန့် (shock) လက္ခဏာများ တွေ့ရခြင်း။
အပွင့်ကျိုးခြင်းဒဏ်ရာအား ပြုစုခြင်း
၁။လှုပ်ရှားမှုနည်းနိုင်သမျှ နည်းအောင်ပြုစုပါ။ မိမိလုပ်ဆောင်ချက်များကိုရှင်းလင်း၍ အားပေးစကားပြောပါ။
၂။အပွင့်ဒဏ်ရာအား ပြုစုရာတွင် လက်အိတ် (သို့) သန့်ရှင်းသော ကြွပ်ကြွပ်အိတ် အသုံးပြု၍ ကိုင်ကွယ်ပါ။
၃။ ပိုးသတ်ထားသော ဆေးထည့်ပိတ်ပါးစ နှင့် ပိုးမဝင်စေရန် သန့်ရှင်းစွာပြုစုပါ။
၄။သွေးများထွက်နေပါက သွေးတိတ်စေရန် ပြုစုပါ။
၅။အရိုးများပေါ်ထွက်နေပါက ကရွတ်ခွေခံ၍ ပတ်တီးစည်းရမည်။
၆။ သွေးဆုတ်သွေးလန့်ခြင်းကို ပြုစုပါ။
သွေးဆုတ်သွေးလွန်ခြင်းအား ပြုစုရာတွင် -
ခြေထောက် အစိတ်အပိုင်းကျိုးနေသော လူအား ကြပ်စည်းပြီးမှ ခြေပိုင်းကို မြင့်၍ ပြုစုပါ။
၇။ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ပေးပါ။
********
အပိတ်ကျိုးခြင်း (closed fracture)
အရေပြားပေါက်ပြဲခြင်း မရှိပဲ ကျိုးခြင်းဖြစ်သည်။
အပိတ်ကျိုးခြင်း အမျိုးအစားများ
၁။ရိုးရိုးကျိုးခြင်း (Simple fracture)
၂။ကြေမွ၍ ကျိုးခြင်း (Comminuted fracture)
၃။သစ်စိမ်းရိုးကျိုးခြင်း (Greenstick fracture)
အပိတ်ကျိုးခြင်း လက္ခဏာများ
၁။အရိုးကျိုးသော အရေပြားတစ်ဝိုက်တွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နီမြန်းခြင်း။
၂။အရိုးကျိုးသော အစိတ်အပိုင်းကို အထိမခံနိုင်ခြင်း ၊ လှုပ်ရှားလျှင် နာကျင်ခြင်း၊
၃။ လုံးဝမလှုပ်ရှားနိုင်ခြင်း။
၄။ပုံသဏ္ဌာန်ပြောင်းခြင်း။
၅။သဘာဝအတိုင်း မလှုပ်ရှားနိုင်ခြင်း။
အရိုးပိတ်ကျိုးခြင်း ဒဏ်ရာအား ပြုစုခြင်း
၁။ လှုပ်ရှားမှု နည်းနိုင်သမျှ နည်းအောင် ပြုစုပါ။
၂။ နာကျင်မှုသက်သာစေရန်နှင့် လှုပ်ရှားမှုမရှိစေရန် ကျိုးသောအရိုး၏ အထက်ဘက် အဆစ်တွင်တစ်ချက်၊ အောက်ဘက်အဆစ်တွင် တစ်ချက်ကြပ်ခံ၍ ပတ်တီးစည်းပါ။
၃။ ကျိုးသောအရိုးပေါ် တည့်တည့်တွင် ပတ်တီးမစည်းရပါ။ (ပတ်တီးအစသတ်သောအထုံးကို ဒဏ်ရာနှင့် ဝေးသောဘက်တွင် ချည်နှောင်ပါ။)
၄။ သွေးဆုတ်သွေးလန့်ခြင်း ရှိပါကပြုစုပါ။
သွေးဆုတ်သွေးလန့်ခြင်းကို ပြုစုရာတွင် ခြေထောက်ကျိုးနေသော လူနာအား ကြပ်စည်းပြီးမှမြှင့်ပါ။
၅။ ဆေးရုံ၊ ဆေးခန်းသို့ပို့ပေးပါ။
*******
ပေါင်ရိုးကျိုးခြင်းကို ပြုစုခြင်း
ပေါင်ရိုးကျိုးသောလူနာအား
၁။ လူနာအားပက်လက်အနေအထားတွင် ထားပါ။ ချိုင်းအောက်မှ အပြင်ခြေမျက်စိ ထိရှည်သော ကြပ်တစ်ချောင်းနှင့် ပေါင်ခွမှ အတွင်းခြေမျက်စိ ထိရှည်သော ကြပ်တစ်ချောင်းကို ကျိုးသောခြေထောက်၏ တစ်ဘက်တစ်ချက်တွင်ထားပါ။
၂။ ချိုင်းကြား၊ ပေါင်ကြား၊ ဒူးဆစ်နှင့် ခြေမျက်စိတို့တွင် အဝတ်စ၊ ဂွမ်းများထည့်ပါ။
၃။ (က) ခြေကျင်းဝတ် (ခ) ချိုင်း (ဂ) တင်ပဆုံ (ဃ) ဒူးဆစ် (င) ကျိုးနေသောနေရာ အထက် (စ) ကျိုးနေသောနေရာအောက် (ဆ) ခြေသလုံးတွင် တစ်ချက်စီ ပတ်တီးစည်းပါ။
*******
ခြေသလုံးကျိုးပါက
(က) ခြေကျင်းဝတ်၊ (ခ) ပေါင်ရင်း (ဂ) ကျိုးနေသောနေရာ အထက် (စ) ကျိုးနေသောနေရာအောက် (င) ဒူးဆစ် တစ်ချက်စီ ပတ်တီးစည်းပါ။
ရှောင်ကျဉ်ရမည့် အချက်များ
၁။မလိုအပ်ဘဲ လူနာကို ရွှေ့ပြောင်းခြင်းမပြုရပါ။
၂။ပတ်တီးကို တင်းကြပ်အောင်မစည်းရပါ။
(သွေးလျှောက်မှု နှောင့်နှေးပိတ်ဆို့နိုင်သည်)
၃။လက်ဖျား၊ ခြေဖျားများဖုံးအောင် မစည်းရပါ။ (သွေးလည်ပါတ်မှုကို စစ်ဆေးနိုင်ရန်။)
၄။ အပွင့်ကျိုးသောဒဏ်ရာကိုပြုစုလျှင် တိုက်ရိုက်ကိုင်တွယ်ခြင်း မပြုရ။
၅။ငေါထွက်နေသော အရိုးအားပြန်သွင်းရန် မကြိုးစားပါနှင့် ။
၆။ လည်ပင်ရိုးနှင့် ကျောရိုးတန်းမကြီး ကျိုးသောလူနာအား ပွေ့ချီ၍ မသယ်ရပါ။
၇။လူနာအား မည်သည့် အစားအစာမှ မကျွေးရ၊ရေ မတိုက်ရ။
အခုဆိုရင် အရိုးကျိုးခြင်းအမျိုးမျိုးနှင့် ပြုစုနည်းတွေကိို သိပြီဆိုတော့ မိမိကိုယ်တိုင်ရော မိမိပတ်ဝန်းကျင်မှာ တွေ့ကြုံခဲ့ပါက အသုံးချလို့ ရနိုင်မယ့် ပြုစုနည်းများကို မျှဝေပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းလိုက်ရပါတယ် ။
#Credit ရှေးဦးသူနာပြုအရေးပေါ်လက်စွဲကျမ်း စာအုပ်မှ ကောက်နုတ်ထားခြင်းဖြစ်သည်။
Comments
Post a Comment