မင်္ဂလာပါခင်ဗျာ
အခုတစ်ခါမှာတော့ BrainTumors နဲ့ပတ်သက်ပြီးပြောပြပေးမှာဖြစ်ပါတယ်
ဦးနှောက်အကျိတ် (Brain Tumors)က ဘာလဲ
ဦးနှောက်ဆဲလ် ဒါမှမဟုတ် ဦးနှောက်တစ်ဝိုက်မှာရှိတဲ့ဆဲလ်တွေ ပုံမှန်မဟုတ်ပွားခြင်းကြောင့် အဖု၊ အကျိတ်ဖြစ်ပေါ်လာခြင်းဖြစ်တယ်။
ထိုအကျိတ်ရှိဆဲလ်တွေက သေမသွားသလို၊ ဆဲလ်အသစ်တွေနဲ့လည်း အစားမထိုးဘဲ ခန္ဓာကိုယ်မှလိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ဆက်လက်ကြီးထွားနေတာဖြစ်တယ်။
ကင်ဆာလည်းဖြစ်နိုင်သလို ကင်ဆာမဟုတ်တဲ့ အဖု၊ အကျိတ်လည်းဖြစ်နိုင်ပါတယ်။
ဦးနှောက်အကျိတ်တွေဟာ တခြားသောကင်ဆာဆဲလ်တွေကနေ ဦးနှောက်ဆီသို့ ပျံ့နှံ့လာတာလည်းဖြစ်နိုင်ပါတယ်။
ဦးနှောက်အကျိတ် (Brain Tumors)က ဘယ်လောက်အဖြစ်များသလဲ
အသက်အရွယ်မရွေးဖြစ်နိုင်ပြီး လူကြီးတွေမှာဆိုရင် ဦးနှောက်ဆဲလ်အကျိတ်နဲ့ ဦးနှောက်အမြှေးပါးဆဲလ်အကျိတ် တွေကပိုအဖြစ်များပါတယ်။
ဦးနှောက်အကျိတ်ဖြစ်ရန် အားပေးတဲ့အခြေအနေတွေကိုရှောင်ကြဉ်ခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။
အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။
ဦးနှောက်အကျိတ် (Brain Tumors)ရဲ့လက္ခဏာတွေကဘာတွေလဲ
လက္ခဏာများ
ခဏခဏပြင်းထန်စွာခေါင်းကိုက်ခြင်း ၊ အကြောင်းမရှိ ပျို့ခြင်း၊ အန်ခြင်း ၊
အမြင်အာရုံဝေဝါးခြင်း ၊
ခြေထောက် သို့မဟုတ် လက်တို့တွင် ထိတွေ့ လှုပ်ရှားမှုအာရုံ တဖြည်းဖြည်းပျောက်ဆုံးခြင်း ၊
ဟန်ချက်မညီခြင်း ၊
စကားပြောရာတွင်အခက်အခဲများဖြစ် ပေါ်လာခြင်း ၊
သာမန်နေ့စဉ်ကိစ္စရပ်များတွင် ဝေဝါးခြင်း ၊
ပြုမူကျင့်ကြံနေထိုင်ပုံပြောင်းလဲခြင်း ၊ တက်ခြင်း (အထူးသဖြင့် ယခင်က တက်တတ်သော ရာဇဝင်မရှိထားဘဲ တက်ခြင်း) ၊
အကြားအာရုံပြဿနာများ ၊
မှတ်ဉာဏ်ထိခိုက်ခြင်း ၊
အာရုံစိုက်မရခြင်း ၊
ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းတွင် အားနည်းခြင်း ။
ဖော်ပြထားသောလက္ခဏာများအပြင်တခြားလက္ခဏာများလည်း ရှိနိုင်တာကြောင့် စိုးရိမ်ရသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။
ဦးနှောက်အကျိတ်ကို ဘာတွေကဖြစ်စေသလဲ
အကြောင်းရင်းများ
ဦးနှောက်အကျိတ်ဟာ ဦးနှောက်ကိုယ်တိုင်မှာ အကျိတ်ပေါ်တာဖြစ်နိုင်သလို၊ တခြားအင်္ဂါအစိတ်အပိုင်းတွေမှ ကင်ဆာဆဲလ်တွေပျံ့နှံလာတာလည်းဖြစ်နိုင်ပါတယ်။
ဦးနှောက်တွင်အကျိတ်ဖြစ်ခြင်းကတော့ ဦးနှောက်နှင့်ကပ်လျက်ရှိသော အမြှေးပါး၊ အာရုံကြောများ၊ pituitary ဂလင်း၊ pineal ဂလင်းတို့ရှိ ဆဲလ်များမှဖြစ်နိုင်ပါတယ်။
ဒါမှမဟုတ်ဘဲ တခြားအင်္ဂါအစိတ်အပိုင်းမှ ဦးနှောက်ကိုပျံ့နှံလာတာလည်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကင်ဆာရှိခဲ့ဖူးသူတွေမှာ ဦးနှောက်အကျိတ်ကင်ဆာဖြစ်နိုင်ချေ ရှိပါတယ်။
ဦးနှောက်ကိုယ်တိုင်မှအကျိတ်ဖြစ်ခြင်းဟာ တခြားနေရာမှကင်ဆာဆဲလ်တွေပျံ့လာတာလောက် အဖြစ်မများပါဘူး။
ဦးနှောက်အကျိတ် (Brain Tumors) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ဖြစ်နိုင်ခြေများ
ဦးနှောက်အကျိတ်ဖြစ်ခြင်းကိုအားပေးသောအချက်များ
အသက်အရွယ်
- အသက်ကြီးလေလေ၊ ဦးနှောက်အကျိတ်ဖြစ်နိုင်ချေများလေလေဖြစ်တယ်။ ဒါပေမယ့် အသက်အရွယ်မရွေးဖြစ်နိုင်ချေရှိပါတယ်။
ဓာတ်ရောင်ခြည်ထိတွေ့ခြင်း
– ကင်ဆာကုသရန်သုံးသောဓာတ်ရောင်ခြည်များ၊ (သို့မဟုတ်) ဗုံးများတွင်သုံးတတ်သော ဓာတ်ရောင်ခြည်များနှင့် ထိတွေ့ဖူးပါက ဦးနှောက်အကျိတ်ကင်ဆာဖြစ်နိုင်ချေ များပါတယ်။
မိသားစုရာဇဝင်
– မိသားစုတွင်ဦးနှောက်အကျိတ်ကင်ဆာရှိဖူးပါက သို့မဟုတ် မျိုးရိုးလိုက်ရောဂါတစ်မျိုးမျိုးရှိပါက ဦးနှောက်အကျိတ်ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကနည်းပါတယ်။
ဦးနှောက်အကျိတ်ကို ဘယ်လိုအတည်ပြုပါသလဲ
ခံစားရသောလက္ခဏာများ၊ မိသားစုဆိုင်ရာ ရာဇဝင်များ လိုအပ်သည်များကိုမေးမြန်းပြီး အာရုံကြောဆိုင်ရာ စမ်းသပ်မှုများအပါအဝင် စစ်ဆေးစမ်းသပ်မှုများလုပ်ခြင်းဖြင့် ဦးနှောက်အကျိတ်ကင်ဆာကို ရှာဖွေသိရှိနိုင်ပါတယ်။
တစ်ခါတရံမှာတော့ တခြားသောစစ်ဆေးမှုတွေလုပ်ရနိုင်တယ်။ CT Scan ၊ MRI ကဲ့သို့ ပုံရိပ်ရိုက်ကူးမှုများနှင့် ဦးနှောက်အသေးစိတ်ပုံရိပ်ကို ရိုက်ကူးကြည့်နိုင်ပါတယ်။
သွေးပြန်ကြောထဲသို့ ဆိုးဆေးထိုးပြီး ပုံမှန်မဟုတ်သော အကျိတ်များ၊ ပုံမှန်မဟုတ်သောသွေးကြောများကို X-rays ရိုက်ကူးကြည့်သည့် angiogram နည်းဖြင့်လည်း စစ်ဆေးရနိုင်ပါတယ်။
ဖြစ်ပေါ်နေသောအကျိတ်မှာ ကင်ဆာဟုတ်မဟုတ်သိရရန် အသားစစစ်ဆေးမှုလည်းလိုအပ်နိုင်ပါတယ်။ ကုသမှုမတိုင်ခင် ဦးခေါင်းခွံတွင် အပေါက်ငယ်လေးမှတဆင့် အပ်ထိုးပြီး လိုအပ်သောအသားစယူကာ ဓာတ်ခွဲခန်းတွင်စစ်ဆေးခြင်းဖြစ်တယ်။
ဦးနှောက်အကျိတ်ကို ဘယ်လိုကုသပါသလဲ
များသောအားဖြင့်ခွဲစိတ်ဖယ်ထုတ်ရတတ်ပါတယ်။ ခွဲစိတ်ရန် အဆင်မပြေသောနေရာတွင် အကျိတ်ရှိနေပါက ဓာတ်ရောင်ခြည်နည်း သို့မဟုတ် ဆေးသွင်းသောနည်းဖြင့် ကင်ဆာကျိတ်ကိုသေးသွားစေသောနည်း သုံးတတ်ပါတယ်။
ခွဲစိတ်ပြီးသောအခါမှာလည်း ကျန်ရှိနေသော ကင်ဆာဆဲလ်များကိုဖယ်ပစ်ရန် နည်းနှစ်နည်းသုံးတတ်ပါတယ်။
တကယ်လို့အကျိတ်က ဦးနှောက်အတွင်းနက်နက် လက်လှမ်းမမှီသောနေရာတွင်ရှိပါက gamma knife therapy ဟုခေါ်သော အလွန်အနုစိတ်ဦးတည်သည့် ဓာတ်ရောင်ခြည်နည်းသုံးနိုင်ပါတယ်။
ကုသမှုရဲ့နောက်ဆက်တွဲဖြစ်နိုင်ချေတွေ၊ ရလဒ်တွေ၊ သက်ရောက်မှုတွေကို သေချာဆွေးနွေးတိုင်ပင်ထားဖို့လိုပါလိမ့်မယ်။
ပြန်လည်နာလံထဖို့အတွက် ကျွမ်းကျင်သူများနဲ့ ဆက်လက်ကုသဖို့လိုပါလိမ့်မယ်။ ဥပမာ- ဟန်ချက်ပြန်ညီဖို့အတွက် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ ကုသမှုများ၊ စကားပြောခြင်း၊ ခံစားချက်ကိုထုတ်ဖော်ပြောကြားခြင်း၊ မျိုခြင်းတို့အတွက် စကားပြောလေ့ကျင့်ခြင်းများ။
နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ
အပ်စိုက်ကုသနည်း
အိပ်မွေ့ချကုသနည်း
တရားထိုင်ခြင်းဖြင့်ကုသနည်း
တေးဂီတဖြင့်ကုသနည်း
အကြောလျှော့လေ့ကျင့်ခန်းနည်း တို့ပဲဖြစ်ပါတယ် ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
တကယ်လို့အထက်လက္ခဏာများတွေ့ရရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်ပြနိုင်ပါတယ်။
ဦးနှောက်အကျိတ်ဟာ အမြဲလိုလို လက္ခဏာ တွေ မပြသတတ်ပါဘူး။
ဒါကြောင့် ဝေဒနာရှင်ဟာ ကိုယ်တိုင်သတိမထားမိခင်မှာပဲ အကျိတ်ဟာ တဖြည်းဖြည်းကြီးထွားလာနိုင်ပါတယ်။
ဦးနှောက်အတွင်းမှာရှိတဲ့ tissues လေးတွေကို စတင် အနှောင့်အယှက်ပေးနိုင်တဲ့အရွယ်အစားရောက်လာမှသာ ရောဂါလက္ခဏာကို စတင် ပြသတတ် ပါတယ်။
လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်အလုပ်လုပ်ပုံချင်းမတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ဆိုတဲ့ အကြောင်းကို ပြောပြပေးလိုက်ပါတယ်နော် ။
Comments
Post a Comment