မြန်မာ့ အမေများနေ့ ဖြစ်ပေါ်လာပုံ အကျဉ်းလေးကိုလည်း ဗဟုသုတရအောင် တင်ဆက်ပေးလိုက်ပါတယ်ရှင်
မြန်မာနိုင်ငံ၏ အမေများနေ့ကို ဆရာကြီးဦးသုခက စတင်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အမေများနေ့အဖြစ် သတ်မှတ်ရာ၌ အမျိုးသားစာဆို စာရေးဆရာကြီးဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန် ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊ စာရေးဆရာကြီး တက်တိုး၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် စသည့်စာပေပညာရှင်များက ဆရာကြီး ဦးသုခနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ဆရာကြီးဦးသုခသည် မိခင်ဖြစ်သူကို ကျိုက်လတ်တွင်ထားခဲ့ပြီး သားဖြစ်သူကို လွမ်းနေရသောမိခင်၏ ကြေကွဲခံစားချက်များ ရင်ထဲမှာကိန်းအောင်းခဲ့ရာမှ အစပျိုးခဲ့ကြောင်း၊ရင်ထဲမှခံစားချက်များကို ပရိသတ်များထံ လိုက်လံဟောပြောကာ အမေ့မေတ္တာပြန့်ပွားရေးကို စတင်လှုံ့ဆော်ခဲ့သူဖြစ်ကြောင်း၊ မိခင်မေတ္တာကို ဟောပြောစဉ် သီချင်းလည်းဆို၊ပြောလည်းပြော၊ ငိုလည်းငို၍ နားထောင်သူပရိသတ်မှာလည်းမလှုပ်မယှက် ငြိမ်သက်နေခဲ့ကြောင်း မှတ်သားဖူးခဲ့ပါသည်။
အမေ့ကို ဂရုစိုက်ကြမယ်
ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် ကျင်းပနိုင်ရန်စာပေပညာရှင်များက ကြိုးစားနေစဉ် ၁၉၉၅ ခုနှစ်တွင် မန္တလေးမှ အမေ မြတ်နိုးသူများက ဆရာကြီး ဦးသုခကို အမေနေ့သတ်မှတ်ပေးရန် တိုက်တွန်းခဲ့ခြင်းကြောင့် မန္တလေးမြို့တွင် ဆရာကြီး ဦးသုခကိုယ်တိုင် ဟောပြောကာ ပြာသိုလပြည့်နေ့ကို အမေများနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။အမေနေ့ကို ပြာသိုလပြည့်နေ့အဖြစ် အတည်ပြုရန် ၁၉၉၆ ခုနှစ်တွင် ဆရာကြီးဦးသုခသည် ဆရာချစ်စံဝင်းကို အားပေးဆော်ဩခဲ့သည်။ ထိုသို့ဖြင့် စာပေလောက၊ အနုပညာလောက၊ ကျန်းမာရေးလောကမှ တတ်သိပညာရှင်များ စုပေါင်းကာရွှေတိဂုံဘုရားအရှေ့မုခ်တွင် အမေနေ့အဖြစ် ဆရာချစ်စံဝင်းက ထပ်မံကျင်းပ၍ ဟောပြောခဲ့သည်။ အမေနေ့တွင်အဝေးရောက် သားသမီးများသည် မိခင်ထံသို့ စာရေးခြင်း၊ ပို့စကတ်လက်ဆောင်ပေးခြင်း၊ ဖုန်းဆက်၍ အကြောင်းကြားခြင်း၊ မိခင်နှင့်အတူရှိသော သားသမီးများသည်လည်း အမေကိုရေမိုးချိုးကာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ပေးခြင်း၊ အမြဲလိုလို တစ်နှစ်တာပတ်လုံး မီးဖိုချောင်တွင် ချက်ပြုတ်နေသောအမေကို မီးခိုးငွေ့ကင်းစင်သော စေတီပုထိုးများသို့ လိုက်ပို့ပေးခြင်း စသည်ဖြင့် အမေနေ့တွင် အမေကိုချစ်ကြသူအားလုံးက ဂရုတစိုက် ပြုလုပ်ပေးခဲ့ကြသည်။
စွန့်လွှတ်နိုင်ကြသူများ
ထို့အတူ အိမ်မှုကိစ္စအဝဝ၊ ခင်ပွန်း၏ဝေယျာဝစ္စ အဝဝတို့ကိုလည်း တာဝန်ယူလုပ်ဆောင်ကြသူများ ဖြစ်သည်။ လောကကြီးတွင် အနစ်နာခံရဆုံး၊ အပေးဆပ်ဆုံး၊ အလုပ်များဆုံးလူသားများမှာ မိခင်များပင်ဖြစ်သည်။ အမေများ၏ မေတ္တာလောက် မည်သူ၏မေတ္တာကမှ နူးညံ့မှုမရှိနိုင်ပါ။ အမေများသည် သူတို့၏အလှအပကို ပျက်စီးလျှင် ပျက်စီးပါစေ ရင်သွေးငယ်များကိုမိခင်နို့တိုက်ရမှသာ ကျေနပ်ကြသူများလည်း ဖြစ်သည်။ နို့ရည်ဆိုသည်မှာလည်း မိခင်များ၏ ကြီးမားသောမေတ္တာများကြောင့်အနီရောင်သွေးစစ်စစ်မှ အာဟာရပြည့်ဝသော အဖြူရောင်နို့ရည်ကြည်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ သို့ပါသောကြောင့် အမေများသည် သားသမီးများအတွက် မိမိတို့၏ အလှတရားများကို စွန့်လွှတ်နိုင်ကြသူများလည်း ဖြစ်သည်။
ကျွန်မတို့ လူသားများသည် မွေးမေမေများ၏ မေတ္တာအနန္တကြောင့်ပင် လူလားမြောက်လာကြရသူများ ဖြစ်သည်။ သို့ပါသောကြောင့် မိခင်များ၏ ကျေးဇူးများကို တတ်နိုင်သလောက်ပြန်လည်ပေးဆပ်သင့်သည်။ မိဘများမရှိတော့မှ ကျွေးမွေးချင်၍ မရပါ။ မိဘများ သက်ရှိထင်ရှားရှိစဉ် စုန်ရေမေတ္တာများကို အသိအမှတ်ပြုကာ ခြေဆုပ်လက်နယ် ပြုစုပေးရမည်။ ယနေ့ခေတ်တွင် မွေးမိခင်များ၊ မွေးဖခင်များ၏ ကျေးဇူးကို သိတတ်နားလည်သူများ အင်မတန်ရှားပါးလျက်ရှိနေပြီ ဖြစ်သည်။
အသက်ပေးစောင့်ရှောက်သောမိခင်
မိမိတို့၏လက်ရှိ ရာထူး၊ အာဏာ၊ ဂုဏ်ပကာသနများသည်လည်း မွေးမေမေများ၏ မေတ္တာများမှတစ်ဆင့် ရရှိပိုင်ဆိုင်ခဲ့ခြင်းကို အထူးသတိပြုထားသင့်သည်။ အကြောင်းမှာ ယနေ့ခေတ်ရေစီးကြောင်းအရ “ငါ့ကိုသူမွေးထားတာပဲ၊ သူကျွေးရမှာပေါ့” ဆိုသော သားသမီးများ များပြားနေသောကြောင့် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြော၍မကုန်သော အကြောင်းအရာမှာလည်း မိခင်အကြောင်းပင် ဖြစ်ပါလိမ့်မည်။ မေတ္တသုတ်တော်တွင် ပါရှိသော မာတာယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ ဆိုပြီး မေတ္တာစစ်မေတ္တာမှန်နှင့် ပတ်သက်ပြီး ဥပမာပေးကာ ပြောထားတာရှိသည်။ ဆိုလိုသည့် မေတ္တာစစ်၊မေတ္တာမှန် ကိုပေးနိုင်သူမှာ သားသမီးများကို အသက်ပေးကာ စောင့်ရှောက်ပေးသော မိခင်သာဖြစ်သည်။
အမေ့အကြောင်း၊ မိခင်များ၏ အကြောင်းကိုပြောလျှင်ပြော၍ဆုံးမည် မထင်ပါ။ သို့ဖြစ်သောကြောင့် ဆရာချစ်စံဝင်းဟောပြောခဲ့သည့် အချက်မှတ်သားဖွယ် ငါးရပ်ကိုလည်း တင်ပြပေးလိုသည်။ ထိုငါးချက်မှာ သားသမီးများဆီမှ မိဘများမျှော်လင့်သည့် မျှော်လင့်ချက် ငါးချက် ဖြစ်သည်။
(၁) မိမိတို့ အိုမင်းမစွမ်းဖြစ်လာသည့်အခါ မိမိတို့၏ သားသမီးများက ကူညီမည်ဟူ၍ တိတ်တခိုးမျှော်လင့်ချက် ထားခြင်း၊
(၂)သားသမီးများသည် မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကိုစောင့်ရှောက်လိမ့်မည်ဟူသော မျှော်လင့်ချက်ထားခြင်း၊
(၃)မိမိတို့ နာမကျန်းဖြစ်သည့်အခါ သားသမီးများက ပြုစုကြလိမ့်မည်ဟူသည့် မျှော်လင့်ခြင်း၊
(၄) မိမိတို့တရားသဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာများကို စောင့်ရှောက်ပြီး တိုးပွားအောင် ဆောင်ရွက်ခြင်းဖြင့် အမျိုးဘာသာ သာသနာကိုထောက်ပံ့မည်ဟု မျှော်လင့်ခြင်း၊
(၅) မိမိတို့မရှိသည့်နောက် သေလွန်ပြီးသည့်အခါ သားသမီးများသည် မိမိတို့ကိုရည်စူး၍ ရောက်ရာအရပ်မှ သာဓုအနုမောဒနာ ပြုနိုင်စေရန် အမျှအတန်း ဝေလိမ့်မည်ဟု မျှော်လင့်ခြင်းတို့ ဖြစ်သည်။
သို့ပါသောကြောင့် ကျွန်မတို့သားသမီးများဘက်မှလည်းမွေးမိခင်၊ မွေးဖခင်များအပေါ် ကျေးဇူးဆပ်နိုင်အောင် တတ်နိုင်သမျှ ကြိုးစားရမည်။ အဘယ့်ကြောင့်ဆိုသော အမေများ၏ မေတ္တာသည် ဘယ်လောက် တိုင်းတာတိုင်းတာ၊ ဘယ်လိုနှိုင်းဆနှိုင်းဆ၊ ဘယ်လောက် ပေးဆပ်ပေးဆပ် မကျေနိုင်သော စုန်ရေမေတ္တာရှင်များဖြစ်သည်ဟု တင်ပြရင်း ကမ္ဘာပေါ်ရှိ အမေများအားလုံးကို ဦးညွတ်ဂါရဝပြုလိုက်ရပါသည်။
ကမ္ဘာပေါ်ရှိ မွေးမိခင်၊ ကျွေးမိခင် မိခင်များအားလုံးကို ဂါဝရပြုပါသည်။
#ကျေးဇူးတင်ပါတယ်မေမေ
#HappyMother'sDay
#အမေများနေ့
#VAA
ကျေးဇူးတင်ပါတယ် VAA
ReplyDeleteကျေးဇူးအနန္တ မိနှင့်ဖ 🙏🙏🙏
ReplyDeleteThanks 🙏🙏🙏🙏
ReplyDelete