Skip to main content

လူငယ်တွေ ဦးနှောက်သွေးကြောပေါက် နိုင်သလား

 လူငယ်တွေ ဦးနှောက်သွေးကြောပေါက် နိုင်သလား



အသက်လေး ငယ်ငယ်လေးနဲ့ လေဖြတ်သွားတယ်။ ဟိုကလေးမလေးပေါ့ ဟိုနေ့က ဦးနှောက်သွေးကြောပေါက် ပြီးဆုံးသွားတာ စသဖြင့် ပတ်ဝန်းကျင်မှာ ပြောတာကို ကြားဖူးပါသလား။ ကိုယ်က သွေးကြောပေါက်တာ၊ လေဖြတ်တာတွေက လူကြီးတွေနဲ့ပဲဆိုင်တယ်လို့ သိထားတာလေ။ ခုဘယ်လိုများ ဖြစ်ရတာပါလိမ့်။


🔴 လူငယ်တွေ ဦးနှောက်သွေးကြောပေါက် နိုင်သလား


လူငယ်တွေမှာ ဦးနှောက်သွေးကြောပေါက်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သွေးကြောဖောင်း တာပါ။ ဆေးပညာအရ Brain Aneurysm လို့ခေါ်ပါတယ်။ သွေးကြောဖောင်းနေတာလေးက ဘယ်ရီသီးလေး တွဲလောင်းကျနေတာလေးနဲ့ တူလို့ Berry Aneurysm လို့လည်း ခေါ်ပါသေးတယ်။


🏵 ဘာလို့ဖြစ်ရတာလဲ


ဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကိုတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် သွေးကြောနံရံတွေ အားပျော့ပြီး သွေးဖိအားဒဏ်ကို မခံနိုင်ဘဲ ဖောင်းလာတယ်၊ ပေါက်လာတယ်လို့တော့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ ပြီးတော့ ဒီရောဂါက လူငယ်လူလတ်ပိုင်းတွေမှာ တွေ့ရများပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ ဖြစ်တဲ့အကြောင်းရင်းကို အတိအကျမသိပေမယ့် ဒါတွေရှိရင်တော့ ပိုဖြစ်နိုင်ပါတယ်။


♦ မွေးရာပါ connective tissue ရောဂါ : Ehlers-Danlos syndrome ဒီရောဂါမှာဆိုရင် သွေးကြောနံရံတွေ အားနည်းပြီး သွေးကြောဖောင်းနိုင်ပါတယ်။

♦ ကျောက်ကပ်အရည်အိတ်တည်ခြင်း

♦ မွေးရာပါ သွေးပြန်ကြောမကြီးကျဉ်းခြင်း

♦ ဦးနှောက်တွင်း သွေးကြောများ ပုံမမှန်ခြင်း

♦ ဦးနှောက်သွေးကြောဖောင်းရောဂါ မျိုးရိုးရှိခြင်း

မွေးစမှာ ဦးနှောက်သွေးကြောဖောင်းပြီး ကံကောင်းလို့မပေါက်ခဲ့ရင်တောင် အသက်ကြီးလာတဲ့အခါ ဒါတွေရှိရင် သတိထားရမှာပါ။


♦ ဆေးလိပ်သောက်တာ

♦ သွေးတိုးရောဂါရှိတာ

♦ မူးယစ်ဆေးသုံးတာ

♦ အရက်အလွန်အကျွံသောက်တာ

♦ အသက်ကြီးလာလို့ connective tissue အားနည်းတာ

တချို့သော သွေးကြောဖောင်းတာတွေကတော့ ဒီတိုင်းနေရင်အကောင်း ခေါင်းကိုထိခိုက်ဒဏ်ရာရပြီးနောက် ဒါမှမဟုတ် သွေးထဲက ရောဂါပိုးတွေ ဦးနှောက်ကိုရောက်လာပြီးတဲ့အခါမှာ ပေါက်တတ်ပါတယ်။


🏵 လူငယ်တွေ ဦးနှောက်သွေးကြောပေါက် ခြင်းရဲ့ ရောဂါလက္ခဏာများ


🔸 ဦးနှောက်သွေးကြောပေါက်ခဲ့ရင်

-ရုတ်တရက်ခေါင်းကိုက်ပါတယ်။ (ဘဝမှာ အဆိုးဆုံးခေါင်းကိုက်ခြင်းလို့ ပြောလို့ရပါတယ်။)


- ပျို့အန်ပါတယ်။


-ဇက်ကြောတောင့်ပါတယ်။


-အမြင်ဝါးတာ၊ နှစ်ထပ်မြင်တာတွေ ရှိပါတယ်။


-အလင်းရောင်မခံနိုင်တာ


-တက်တာ


-မျက်ခွံလေးကျတာ


-သတိလစ်တာ


-ကယောင်ကတမ်းဖြစ်တာတွေ ဖြစ်တတ်ပါတယ်။


🔸 ဦးနှောက်သွေးကြော သွေးယိုစိမ့်ခဲ့ရင်


-ရုတ်တရက်ပြင်းပြင်းထန်ထန်ခေါင်းကိုက်ပါတယ်။ သွေးယိုစိမ့်ပြီးရင် သွေးကြောပေါက်ဖို့ အလားအလာရှိပါတယ်။


🔸 မပေါက်ဘဲ သွေးကြောဖောင်းခဲ့ရင်


-သွေးကြောဖောင်းတာ သေးရင် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ကြီးရင်တော့ အနားမှာရှိတဲ့ ဦးနှောက်အသားတွေ၊ အာရုံကြောတွေကိုဖိမိတဲ့အတွက်


-မျက်လုံးနောက် ဒါမှမဟုတ် အပေါ်မှာ အောင့်တာ


-မျက်စိသူငယ်အိမ်ကျယ်တာ


-အမြင်ဝါးတာ နှစ်ထပ်မြင်တာ


-မျက်နှာတစ်ခြမ်းထုံတာ စတာတွေပဲ ဖြစ်ပါတယ်။


ဒါကြောင့် တစ်ယောက်ယောက်ကများ ရုတ်တရက် ပြင်းပြင်းထန်ထန်ခေါင်းကိုက်မယ်၊ တက်မယ်၊ သတိလစ်သွားတယ်ဆိုရင်အမြန်ဆုံး ဆေးရုံပို့ဖို့ စီစဉ်ရပါမယ်။ နောက်ကျရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။


🏵 နောက်ဆက်တွဲ ဘာဖြစ်နိုင်မလဲ


ဦးနှောက်သွေးကြောပေါက်တာ ခဏပဲဆိုပေမယ့် ဒီခဏအတွင်းမှာပဲ ဦးနှောက်ဆဲလ်တွေ သေသွားနိုင်ပါတယ်။ ဒါ့ပြင် ဦးနှောက်ထဲမှာ ဖိအားများပြီး သွေးနဲ့ အောက်စီဂျင်မလုံလောက်တာကြောင့် ရုတ်တရက် သတိလစ်တာ၊ သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ သွေးကြောပေါက်ပြီး နောက်မှာတော့ -


▪ သွေးကြောတစ်ခါ ပေါက်ဖူးတဲ့သူကနောက်တစ်ခါ ထပ်ပေါက်နိုင်ပါတယ်။

▪ သွေးကြောပေါက်တဲ့အတွက် ခန္ဓာကိုယ်က သွေးထွက်နည်းအောင် သဘာဝအတိုင်း သွေးကြောတွေကို ကျုံ့ပစ်ပါတယ်။ အဲ့ဒီမှာ တခြားသွေးကြောတွေပါပါကုန်တဲ့အတွက် ဦးနှောက်ဆဲလ်တွေ သွေးငတ်ပြီး လေဖြတ်တာ (ischemic stroke) ရတတ်ပါတယ်။

▪ ဦးနှောက်ထဲ သွေးထွက်တဲ့အခါ ထွက်တဲ့သွေးတွေက ဦးနှောက်ကျောရိုးအရည် (cerebrospinal fluid) ရဲ့ စီးဆင်းမှုကို ပိတ်တဲ့အတွက် ဦးနှောက်ထဲမှာ အရည်တွေစုလာပြီး ဖိအားတွေများလာပါတယ်။

▪ ဒါ့ပြင် hypothalamus လို့ ခေါ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ထိခိုက်မိတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ဆိုဒီယမ်ဓာတ်ကို မထိန်းညှိနိုင်တော့ဘဲ သွေးထဲမှာ ဆိုဒီယမ်ဓာတ်နည်းသွားနိုင်ပါတယ်။


🏵 ဦးနှောက်သွေးကြောပေါက်မှန်း ဘယ်လိုသိနိုင်မလဲ


တကယ်လို့ ရုတ်တရက် ပြင်းပြင်းထန်ထန်ခေါင်းကိုက်မယ်။ ဦးနှောက်သွေးကြောပေါက်တဲ့ တခြားလက္ခဏာလည်းရှိမယ်ဆိုရင် အရင်ဆုံးဦးနှောက်ထဲမှာ သွေးယိုခြင်းရှိမရှိ စစ်ဆေးရပါမယ်။ သွေးယိုတာရှိတယ်ဆိုရင် ဦးနှောက်သွေးကြောပေါက်တာကြောင့်လားဆိုပြီး ဆက်စစ်ရပါမယ်။ နည်းလမ်းတွေကတော့ -


🔹 ကွန်ပျူတာ ဓာတ်မှန်ရိုက်တာ

🔹 ဦးနှောက်ကျောရိုးအရည်ကိုစစ်ဆေးတာ

🔹 သံလိုက်ဓာတ်မှန်ရိုက်တာ

🔹 ဦးနှောက်တွင်း သွေးကြောတွေကိုစစ်ဆေးတာ စတာတွေပဲဖြစ်ပါတယ်။


🔷 ကုသနည်းများ

အဓိက ကုသနည်းကတော့ ခွဲစိတ်တာပဲဖြစ်ပါတယ်။


🔖 Takeaways

လူငယ်တွေလည်း သွေးကြောပေါက်ပြီး လေဖြတ်နိုင်ပါတယ်။ မွေးရာပါ သွေးကြောနံရံအားနည်းလို့ပဲဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဦးနှောက်သွေးကြောဖောင်းပြီး ပေါက်တတ်ပါတယ်။ ကိုယ့်မှာ သွေးကြောဖောင်းရောဂါရှိတာသိပြီးသားဆိုရင်လည်း ပေါက်နိုင်ချေနည်းအောင် ဆေးလိပ်ဖြတ်ပါ။ မူးယစ်ဆေးမသုံးပါနဲ့။ သွေးတိုးထိန်းပါ။ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပါ။ သွေးကြောပေါက်တဲ့ လက္ခဏာတွေကိုလည်း သတိထားပါ။

Comments