Skip to main content

ငရုတ်သီးမှုန့် နဲ့ အသည်းကင်ဆာအန္တရာယ်

 🔆 ငရုတ်သီးမှုန့် နဲ့ အသည်းကင်ဆာအန္တရာယ် 🔆



ငရုတ်သီးမှုန့်မှာပါတဲ့ Aflatoxin (အဖလာတောက်စင်)ဆိုတဲ့ မှိုက အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ် ။ အထူးသဖြင့် ငရုတ်သီးမှုန့်ကို ပုံစံမျိုးစုံနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြတဲ့ မြန်မာနိုင်ငံက လူတွေအနေနဲ့ ပိုပြီး သတိထားသင့်ပါတယ် ။


💠 ငရုတ်သီးမှုန့်မှာပါတဲ့ အဖလာတောက်စင်ဆိုတာ -


အဖလာတောက်စင်ဆိုတာ မှိုတစ်မျိုးဖြစ်ပြီး A. flavus နဲ့ A.parasiticus ဆိုတဲ့ မှိုမျိုးကွဲနှစ်မျိုးမှာ အဓိက တွေ့ရပါတယ် ။ သဘာဝအတိုင်းတွေ့ရတဲ့ အဖလာတောက်စင် ၁၄ မျိုးရှိပြီး B1, B2, G1, G2 ကတော့ အတွေ့ရအများဆုံးပါ ။ B1 ကတော့ ၄ မျိုးထဲမှာ အဆိုးဆုံးပါပဲ ။


တစ်ထိုင်တည်း အများကြီးကိုယ်ထဲဝင်သွားရင် မှိုဆိပ်သင့်ပြီး အသက်သေနိုင်လောက်တဲ့အထိ ဖြစ်သွားနိုင်သလို နည်းနည်းနဲ့ ခဏခဏ စားမိနေမယ်ဆိုရင်လည်း -


♦ အသည်းကင်ဆာ

♦ ကလေးတွေမှာ မွေးရာပါ ချို့ယွင်းချက်ပါတာ

♦ ကလေး ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတာ

♦ ခုခံအားကျတာ စတာတွေ ဖြစ်လာနိုင်ပါတယ် ။


💠 အဖလာတောက်စင်ကို ဘယ်ကနေ စားမိတာလဲ 


အများဆုံးတွေ့ရတာကတော့ ငရုတ်သီး ၊ ပဲ ၊ ပြောင်း ၊ ဝါ ၊ ဆန် စတာတွေမှာ တွေ့ရတတ်ပါတယ် ။ အဖလာတောက်စင်အတွေ့ရများတဲ့ နိုင်ငံတွေမှာဆိုရင် B1 ကနေ ပြိုကွဲပြီး ထွက်လာတဲ့ M1 ကို နို့ထဲမှာတောင် တွေ့ရတယ်လို့ ဆိုပါတယ် ။


မှိုဖြစ်တဲ့အတွက် ပူနွေးစိုစွတ်တဲ့ နေရာမှာ ပေါက်လွယ်ပါတယ် ။ ဒါကြောင့် အဖလာတောက်စင်ကို အာရှ နဲ့ အာဖရိကမှာ ပိုတွေ့ရတတ်ပါတယ် ။ အသီးအနှံတွေကို မရိတ်သိမ်းမီ နဲ့ ရိတ်သိမ်းပြီး အချိန်မှာ သိမ်းဆည်းသိုလှောင်ပုံ မတတ်ရင် မှိုစွဲနိုင်ပါတယ် ။ ဒါကို လျစ်လျူရှုပြီးဆက်ရောင်းနေမယ်ဆိုရင်တော့ မှိုစွဲတဲ့ အစားအစာတွေကို စားသုံးသူတွေက မသိဘဲ စားနေမိမှာပါ ။ WHO ထုတ်ပြန်ချက်အရ အဖလာတောက်စင်ကြောင့် နှစ်စဉ် ၂၅ ရာခိုင်နှုန်းသော သီးနှံတွေကို အလဟဿ ဖျက်စီးပစ်ရပါတယ်တဲ့ ။


မြန်မာနိုင်ငံအနေ နဲ့ ဆိုရင်တော့ ငရုတ်သီးမှုန့်ကို သတိထားစေချင်ပါတယ် ။ တခြားအာရှနိုင်ငံတွေလိုပဲ ပူနွေးစိုစွတ်တဲ့ ရာသီဥတုရှိတဲ့အပြင် နေ့စဉ် ဟင်းချက်တဲ့နေရာမှာ ငရုတ်သီးမှုန့်က မပါမဖြစ် ထည့်ချက်နေတဲ့ အတွက်ကြောင့်ပါ ။ ဒါ့အပြင် ငရုတ်သီးခြောက်ကို ပုံစံမျိုးစုံနဲ့ ( ခွဲကြမ်း ၊ လှော်တောင့် ၊ အကျက်မှုန့် ၊ အစိမ်းမှုန့် ) သုံးတတ်ကြတော့ ထိတွေ့မှု ပိုများနိုင်ပါတယ် ။


💠 ငရုတ်သီးမှုန့်နဲ့ အသည်းကင်ဆာ


ခုနောက်ပိုင်း အမျိုးသမီးတွေပါ အသည်းကင်ဆာဖြစ်လာကြတဲ့အခါ အဖလာတောက်စင်ကြောင့်များလားလို့ စဉ်းစားစရာပါ ။ တချို့အမျိုးသမီးတွေက အရက်လည်းမသောက်သလို ၊ အသည်းရောင် အသားဝါပိုးလည်း မရှိပါဘူး ။ ဖြစ်နိုင်ခြေကို စဉ်းစားကြည့်တဲ့အခါ ဒီငရုတ်သီးမှိုတွေကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး ။


အဖလာတောက်စင်ကို International Agency for Research on Cancer က Group 1 liver carcinogen ( အသည်းကင်ဆာဖြစ်စေနိုင်တဲ့ ထိပ်တန်းဓာတ်ပစ္စည်း ) ထဲမှာ ထည့်ထားပါတယ် ။ အဖလာတောက်စင် genotoxic နည်းနဲ့ ကင်ဆာဖြစ်စေတာပါ ။ ဆိုလိုတာက မျိုးဗီဇကို ပြောင်းစေနိုင်ပါတယ် ။ p53 မှာ မျိုးဗီဇပြောင်းလဲမှုကို ဖြစ်စေလို့ပါ ။ ဒါပေမယ့် ဘာလို့ အသည်းကင်ဆာကို ဖြစ်စေတာလဲ ။ အဖလာတောက်စင်ကို အသည်းမှာ ဖျက်ဆီးပစ်တဲ့အတွက်ကြောင့်ပါ ။


💠 ငရုတ်သီးမှုန့် မှာ မှိုပါ ၊ မပါ ဘယ်လိုသိနိုင်မလဲ


ငရုတ်သီးမှုန့် အပါအဝင် ကျန်တဲ့ ပြောင်း ၊ ပဲ စတာတွေမှာ မှိုပါ ၊ မပါဆိုတာကို FDA က စစ်ဆေးပြီး မပါမှ ခွင့်ပြုချက်ထုတ်ပေးရမှာပါ ။ သာမန်လူတွေကတော့ မှိုပါ ၊ မပါကို သာမန်မျက်လုံးနဲ့ ကြည့်ဖို့ ခက်ပါတယ် ။ အထူးသဖြင့် ကြိတ်ထားပြီးတဲ့ ငရုတ်သီးမှုန့်တွေမှာပေါ့ ။


💠 ငရုတ်သီးမှုန့်မှာ မှိုမပါအောင် ဘယ်လိုလုပ်ကြမလဲ


တကယ်တော့ ဒါက စားသုံးသူနဲ့ပဲ ဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး ။ စိုက်တဲ့သူ ၊ ရောင်းတဲ့သူ ၊ စစ်တဲ့သူ ၊ စားတဲ့သူ အကုန်လုံးမှာ တာဝန်ရှိပါတယ် ။


စိုက်တဲ့သူအနေ နဲ့ ငရုတ်သီးအပါအဝင် ပြောင်းတွေ ၊ ပဲတွေကို မှိုမတက်အောင် ဘယ်လိုသိမ်းဆည်းထားသိုမလဲ ။ မရိတ်သိမ်းခင် နဲ့ ရိတ်သိမ်းအပြီးမှာ ဘယ်လို သိုလှောင်မလဲ ဆိုတာကို သိထားဖို့လိုပါတယ် ။ မြန်မာနိုင်ငံလို ပူနွေးစိုစွတ်ပြီး မှိုတက်လွယ်တဲ့ ရာသီဥတုပိုင်ဆိုင်ထားတဲ့နိုင်ငံဆိုရင် နည်းပညာအကူအညီလိုမှာပါ ။


👉ရောင်းတဲ့သူကလည်း မှိုတက်နေတဲ့ ပစ္စည်းတွေကို မရောင်းဖို့ လိုပါတယ် ။ စစ်တဲ့သူကလည်း မှန်မှန်ကန်ကန် စစ်ဆေးပေးဖို့ လိုပါတယ် ။ မှိုပါနေရင် စျေးကွက်ထဲကနေ ဖယ်ထုတ်ရမှာပါ။


ဒီအထိက လုပ်ယူဖို့ ခက်ပါတယ် ။ ပူးပေါင်းဆောင်ရွက်မှု ၊ ကိုယ်ချင်းစာမှုတွေ မရှိရင် မှိုတက်တာတွေကို စားနေရဦးမှာပါပဲ ။ ဒီတော့ နောက်ဆုံးတာဝန်က စားသုံးသူတွေဆီမှာ ရှိလာပါတယ် ။


စားသုံးသူတွေအနေနဲ့ ငရုတ်သီးခြောက် ၊ ပဲ စတာတွေကို မဝယ်ခင်မှာ မှိုတက်နေတာ ၊ အရောင်တွေ ပြောင်းနေလား ၊ စိုထိုင်းနေလား စတာတွေကို စစ်ဆေးပါ ။


🌟တစ်နယ်တည်းမှာ စိုက်တဲ့ ဒါမှမဟုတ် သိပ်မဝေးတဲ့ နေရာက ငရုတ်သီးခြောက်ကို အားပေးပါ ။ ဆိုလိုတာက ဝေးလေလေ ကိုယ့်ဆီကို သယ်လာဖို့ လမ်းမှာ ကြာလေလေ မှိုတက်နိုင်ခြေ များလေလေမို့ပါ ။ နီးတော့လတ်လတ်ဆတ်ဆတ် ရပါတယ် ။


👉အာမခံနဲ့ ရောင်းတဲ့ ပစ္စည်းတွေကိုပဲ အားပေးပါ ။ ခုဆိုရင် "ငရုတ်သီးမှို မပါပါ" ဆိုပြီး တံဆိပ်ကပ် FDA ထောက်ခံချက် နဲ့ ရောင်းတာတွေ ရှိလာပါပြီ။ ဒါတွေကို အားပေးပါ ။


🌟အိမ်ကို ငရုတ်သီးခြောက် ဝယ်လာတဲ့အခါ သေချာ သိမ်းဆည်းပါ ။ တချို့က မှိုကြောက်လို့ အခြောက်တောင့်ဝယ်ပြီး ကိုယ်တိုင်အိမ်မှာ ကြိတ်တာမျိုး ရှိပါတယ် ။ ဝယ်လာတဲ့ အခြောက်တောင့်ကို မှိုပါ ၊ မပါ စစ်ပါ ။ ဝယ်လာသမျှကို တစ်ခါတည်း အကုန်ကြိတ်ပါ ။ ပိုလို့ သိမ်းတဲ့အခါ အသိမ်းမတတ်ရင် မှိုစွဲနိုင်ပါတယ် ။


🌟ငရုတ်သီးလျှော့စားပါ ။ နေ့စဉ်ငရုတ်သီးဆီသတ်ပြီး ချက်စားမယ့်အစား ရက်ခြားလောက် ငရုတ်သီးမှုန့်မပါဘဲ စားနိုင်အောင် အကျင့်လုပ်ထားပါ ။


🌟အဖလာတောက်စင်က တော်ရုံ အပူချိန်ကို ခံနိုင်ပါတယ် ။ အပူချိန် ၁၆၀လောက်ပေးမှ ပျက်စီးတာပါ ။ ဒါတောင် အကုန်မဟုတ်ပါဘူး ။ ဒါကြောင့် စကတည်းက မစားမိအောင် ကာကွယ်ထားတာ အကောင်းဆုံးပါပဲ ။


🌟ကင်ဆာတွေမှာ ၅-၁၀ ရာခိုင်နှုန်းက မျိုးဗီဇကြောင့်ဖြစ်ပြီး ကျန်တဲ့ ၉၀-၉၅ ရာခိုင်နှုန်းက ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံ နဲ့ ပတ်ဝန်းကျင်ကြောင့်ပါ ။ ငရုတ်သီးမှိုကြောင့် အသည်းကင်ဆာဖြစ်တာကို သင်ကိုယ်တိုင် ကာကွယ်နိုင်ပါတယ် ။ မြန်မာနိုင်ငံလို ငရုတ်သီးအစားများတဲ့ နိုင်ငံမှာ လုံးဝမစားဘဲနေဖို့ မဖြစ်နိုင်ပါဘူး ။ သေချာစစ်ဆေးပြီး စားမယ်ဆိုရင် အသည်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။


ဒါကြောင့် ငရုတ်သီးမှုန့်ကို အတတ်နိုင်လျှော့စားပြီး မိမိရဲ့ အသည်းလေးကို ကာကွယ်ကြရအောင်နော်။


#vaa

#ငရုတ်သီးမှုန့်နှင့်အသည်းကင်ဆာ

#ငရုတ်သီးမှုန့်အန္တရာယ်

Comments