သွေးအားနည်းရောဂါ ( Anemia )
သွေးအားနည်းရောဂါ ဆိုတာက ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပေါ့။ သွေးအားနည်းတာက အချို့သောကျန်းမာရေး ပြဿနာတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတစ်ခုဆိုလည်း မမှားပါဘူး ။
ဒီဆောင်းပါးလေးထဲမှာ သွေးအားနည်းရောဂါ ( Anemia ) နဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ် ။
🔴 သွေးအားနည်းရောဂါ ( Anemia ) ဆိုတာ -
ခန္ဓာကိုယ်ထဲက သွေးနီဥဆဲလ် ထဲမှာ ဟေမိုဂလိုဘင်ဓာတ်တွေ နည်းသွားတဲ့အခါ သွေးအားနည်းရောဂါ ( Anemia ) ဖြစ်လာပါတယ်။ သွေးနီဥဆဲလ်တွေက ခန္ဓာကိုယ်က တစ်ရှူးတွေဆီကို အောက်ဆီဂျင်တွေ သယ်ပို့ပေးတာပါ။
သွေးနီဥဆဲလ်အရေအတွက် နည်းသွားတဲ့အခါ ကိုယ်ထဲမှာ အောက်ဆီဂျင်ပမာဏ ကျသွားတတ်ပါတယ်။ သွေးအားနည်းရောဂါရဲ့ အတွေ့ရ အများဆုံး လက္ခဏာက ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်အောင် မရောက်ရှိတာပါ။
သွေးအားနည်းရောဂါ ခံစားနေရသလားဆိုတာကို သွေးနီဥဆဲလ်တွေထဲက ပရိုတင်း တစ်မျိုးဖြစ်တဲ့ ဟီမိုဂလိုဘင်ကို တိုင်းတာပြီး သိရှိနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေ ခံစားနေရသူတွေမှာ သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေ များပါတယ်။
🔴 သွေးအားနည်းရောဂါ ခံစားရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ
သွေးအားနည်းရောဂါ ခံစားရတဲ့အခါ များသောအားဖြင့် ပင်ပန်းနွမ်းနယ်တာကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေအပြင် -
♦ အသားအရောင်ဖျော့တော့တာ
♦ နှလုံးခုန်နှုန်း မမှန်တာ
♦ အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်တာ
♦ ရင်ဘတ်အောင့်တာ
♦ ခေါင်းကိုက်တာ
♦ ခေါင်းထဲမှာ ပေါ့ပေါ့ကြီးနဲ့ မူးနေတာ
♦ ဝမ်းချုပ်တာ
♦ လက်သည်းခြေသည်းတွေ ကြွပ်ဆတ်တာမျိုး ခံစားရနိုင်ပါတယ်။
ဒါပေမယ့် သွေးအားနည်းရောဂါက အရမ်းမပြင်းထန်တဲ့အခါ လက္ခဏာ မပြတာ ၊ လက္ခဏာ ခပ်ပျော့ပျော့လေးတွေပဲ ပြတာမျိုး ခံစားရနိုင်ပါတယ်။
🔴 သွေးအားနည်းရောဂါ အမျိုးအစားများ
သွေးအားနည်းတာက လက္ခဏာတစ်ခုဖြစ်တာကြောင့် ဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပြီး လက္ခဏာလေးတွေ အနည်းငယ် ကွာခြားနိုင်ပါတယ် ။
♦ Aplastic anemia ( ရိုးတွင်းခြင်ဆီ ပျက်စီးတာကြောင့်ဖြစ်တဲ့ သွေးအားနည်းခြင်း )
– ဒီသွေးအားနည်းရောဂါ ခံစားရတဲ့အခါ ဖျားတာ ၊ မကြာခဏ ပိုးဝင်ကူးစက်တာ ၊ အရေပြားမှာ သွေးခြည်ဥတာမျိုး ခံစားရနိုင်ပါတယ် ။
♦ Folic acid deficiency anemia ( ဖောလစ်အက်ဆစ်ချို့တဲ့မှုကြောင့် သွေးအားနည်းခြင်း )
– ဒီသွေးအားနည်းရောဂါ ခံစားရတဲ့အခါ ခြေကုန်လက်ပန်းကျတာ ၊ ဝမ်းသွားတာ ၊ လျှာက ပြောင်ချောနေတာမျိုး ခံစားရနိုင်ပါတယ်။
♦ Hemolytic anemia ( သွေးနီဥပေါက်ကွဲသည့် သွေးအားနည်းခြင်း )
– ဒီသွေးအားနည်းရောဂါ ခံစားရတဲ့အခါ အသားဝါတာ ၊ ဆီးမည်းမည်းတွေ သွားတာ ၊ ဗိုက်အောင့်တာမျိုး ခံစားရနိုင်ပါတယ်။
♦ Sickle cell anemia ( မွေးရာပါ သွေးနီဥပုံပျက်သည့် သွေးအားနည်းခြင်း )
– ဒီသွေးအားနည်းရောဂါ ခံစားရတဲ့အခါ ခြေလက်တွေ နာကျင်ရောင်ရမ်းတာ ၊ ပင်ပန်းနွမ်းနယ်တာ ၊ အသားဝါတာတွေ ခံစားရနိုင်ပါတယ် ။
♦ Iron-deficiency anemia ( သံဓာတ်အားနည်းခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းခြင်း )
– ဒီသွေးအားနည်းရောဂါ ခံစားရတဲ့ အခါ ခြေကုန်လက်ပန်းကျတာ ၊ ခေါင်းမူးတာ ၊ အာရုံစူးစိုက်ရခက်တာတွေ ခံစားရနိုင်ပါတယ် ။
♦ Vitamin-deficiency anemia ( ဗီတာမင် ချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေးအားနည်းခြင်း )
– ဒီသွေးအားနည်းရောဂါ ခံစားရတဲ့ အခါ ပင်ပန်းနွမ်းနယ်တာ ၊ အမြဲလိုလို အိပ်ချင်နေတာ ၊ အစားစားချင်စိတ် မရှိတာတွေ ခံစားရနိုင်ပါတယ် ။
🔴 သွေးအားနည်းရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများ
သွေးအားနည်းရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက တစ်ခုမကပါဘူး ။
♦ သွေးဆုံးရှုံးတာ
သံဓာတ်ချို့တဲ့မှုက သွေးအားနည်းရောဂါကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းပါ။ သွေးဆုံးရှုံးမှုကြောင့်လည်း သွေးအားနည်းရောဂါ ဖြစ်စေနိုင်ပါတယ်။ သွေးထဲမှာ သံဓာတ်ချို့တဲ့တာကလည်း သွေးအားနည်းရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းပါ။
ခန္ဓာကိုယ်မှာ သွေးဆုံးရှုံးတဲ့အခါ သွေးကြောတွေ ပြည့်နေစေဖို့အတွက် သွေးကြောထဲကသွေးတွေအပြင် တစ်ရှူးတွေထဲက ရေတွေကိုပါ ဆွဲယူလိုက်ပါတယ် ။ ဒီအခြေအနေက သွေးတွေကို ကျဲစေပြီး RBC ( သွေးနီဥဆဲလ် အရေအတွက် ) ကို လျော့ကျစေပါတယ် ။
သွေးဆုံးရှုံးမှုက ပြင်းထန်ရင် မြန်ဆန်ရင် ခဏလေးနဲ့ သွေးအားနည်းသွားနိုင်ပါတယ်။ မြန်ဆန်တဲ့ သွေးဆုံးရှုံးမှုဆိုတာ ခွဲစိတ်ကုသမှု ခံယူတာ ၊ ကလေးမွေးဖွားတာ ၊ ထိခိုက်ဒဏ်ရာတစ်ခုခု ဖြစ်နိုင်ပါတယ်။
နာတာရှည် သွေးဆုံးရှုံးတာက သွေးအားနည်းရောဂါကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ချက်ပါ။ အစာအိမ် အနာရှိတာ ၊ ကင်ဆာ ၊ အကျိတ်တွေက သွေးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ အခြား သွေးဆုံးရှုံးစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ ......
− အစာခြေစနစ်ဆိုင်ရာ ကျန်းမာရေးပြဿနာတွေ အနာရှိတာ ၊ ဥပမာ လိပ်ခေါင်း ၊ ကင်ဆာ ၊ အစာအိမ်အနာ
− ဆေးတွေသောက်သုံးနေရတာ
ဥပမာ - အရောင်ကျဆေးတွေ၊ အက်စပရင် ၊ ibuprofen
− ရာသီသွေးဆင်းများခြင်း .... စတာတွေပါ ။
🔴 သွေးနီဥဆဲလ် အရေအတွက်လျော့ကျခြင်း ( သို့မဟုတ် ) သွေးနီဥဆဲလ် ပျက်စီးခြင်း
သွေးကင်ဆာလိုမျိုး ရောဂါ ခံစားနေရတာ ၊ ကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေကို ပျက်စီးစေတာ ဒါမှမဟုတ် သွေးနီဥဆဲလ် အရေအတွက်ကို ပျက်စီးစေတဲ့ ရောဂါမျိုး ခံစားနေရမယ်ဆိုရင်လည်း သွေးအားနည်းရောဂါကို ခံစားရနိုင်ပါတယ် ။
♦ သွေးနီဥဆဲလ်တွေ ပျက်စီးတာ
သွေးနီဥဆဲလ်တွေဟာ သွေးကြောတွေထဲမှာ ရက်ပေါင်း ၁၂၀ အထိ ရှင်သန်နိုင်ကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က သူတို့ရဲ့ သက်တမ်း မပြည့်ခင်မှာ သွေးနီဥဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်သလို ဖယ်ရှားပစ်နိုင်ပါတယ်။
ဒီလိုဖျက်ဆီးမှုဟာ ကိုယ်ခံအားက မှားယွင်းတိုက်ခိုက်တာကြောင့်လည်း ဖြစ်နိုင်သလို ပြင်ပမှ အရာတစ်ခုခုက ဖျက်ဆီးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
♦ ရောဂါပိုးဝင်ကူးစက်တာ
♦ ပဋိဇီဝဆေးတစ်မျိုးမျိုး
♦ သွေးတိုးရောဂါ
♦ နှလုံးအဆို့ရှင် မကောင်းတာ
♦ ကျောက်ကပ်နဲ့ အသည်းက အဆိပ်အတောက်တွေကို ထုတ်လွှတ်တာ
♦ ကိုယ်ခံအားစနစ်က မှားယွင်းတိုက်ခိုက်တာ
♦ မြွေကိုက်တာ
♦ အဆိပ်ရှိတဲ့ အကောင်ကိုက်တာတွေကြောင့် သွေးနီဥပျက်စီးပြီး သွေးအားနည်းရောဂါ ခံစားရနိုင်ပါတယ်။
ဒီအချက်တွေအပြင် -
♦ လမစေ့ဘဲ မွေးဖွားတာ
♦ အသက် ၆ လ ကနေ ၂ နှစ် အတွင်းဖြစ်နေတာ
♦ ရာသီသွေးဆင်းတာ
♦ ကိုယ်ဝန်ဆောင်နေရတာ
♦ ကလေးမွေးဖွားတာ
♦ ဗီတာမင် ၊ သတ္တုဓာတ် နဲ့ သံဓာတ် စားသုံးမှုနည်းတာ
♦ အစာအိမ်နံရံရောင်ရမ်းမှု သက်သာစေဖို့ ဆေးတွေ သောက်သုံးနေရတာ
♦ မျိုးရိုးရှိတာ
♦ အာဟာရစုပ်ယူနိုင်စွမ်းနည်းတဲ့ ကျန်းမာရေးပြဿနာရှိတာ
♦ ခွဲစိတ်မှုကြောင့် သွေးဆုံးရှုံးတာ
♦ နာတာရှည်ရောဂါ တစ်ခုခု ခံစားနေရတာတွေကြောင့်လည်း သွေးအားနည်းရောဂါ ခံစားရနိုင်ပါတယ်။
🔴 ဘယ်လိုသိရှိနိုင်မလဲ
သွေးအားနည်းရောဂါ ခံစားနေရသလားဆိုတာကို -
♦ Complete blood count ( CBC ) သွေးနီဥဆဲလ် အရေအတွက် နဲ့ အရွယ်အစားကို စစ်ဆေးတာ
♦ Serum iron levels ( သွေးတွင်းသံဓာတ် ပမာဏကို စစ်ဆေးတာ )
♦ Ferritin test ( ကိုယ်တွင်းက သံဓာတ် သိုလှောင်ထားတဲ့ ပမာဏကို စစ်ဆေးတာ )
♦ Vitamin B - 12 test ( ဗီတာမင် B -12 ပမာဏ သိရှိနိုင်စေဖို့ သွေးစစ်တာ )
♦ Folic acid test ( ကိုယ်တွင်း ဖောလစ်အက်ဆစ်ပမာဏ သိနိုင်စေဖို့ သွေးစစ်တာ )
အစာခြေစနစ်မှာ သွေးယိုစိမ့်မှုရှိလားဆိုတာကို သိနိုင်စေဖို့ ဝမ်းမှာ သွေးပါနေလား ဆိုတာကို စစ်ဆေးတာ အပြင် တခြား စစ်ဆေးနည်းတွေကနေပါ သိနိုင်ပါတယ်။
များသောအားဖြင့် ခံစားနေရတဲ့ လက္ခဏာနဲ့ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်လိုက်ပြီး စစ်ဆေးရတာတွေ ကွာခြားနိုင်ပါတယ် ။
🔴 သွေးအားနည်းရောဂါ ဘယ်လို ကုသမလဲ?
သွေးအားနည်းရောဂါက ခံစားနေရတဲ့ အခြေအနေပေါ်မူတည်ပြီး ကုသပုံတွေ ကွာခြားနိုင်ပါတယ် ။
သွေးအားနည်းရောဂါက သံဓာတ် ၊ ဗီတာမင် B - 12 နဲ့ ဖောလိတ်တို့ ချို့တဲ့တာကြောင့် ဖြစ်မယ်ဆိုရင် အာဟာရပြည့်ဝအောင် စားသုံးစေတာ ၊ ဖြည့်စွက်အာဟာရတွေ မှီဝဲစေတာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လိုအပ်မယ်ဆိုရင် အစာခြေစနစ်က ဗီတာမင် B - 12 ကို ကောင်းကောင်းစုပ်ယူနိုင်စေဖို့အတွက် ဆေးထိုးပေးမှာပါ။ ရောဂါအခံကြောင့်ဆိုရင်တော့ ရောဂါအလိုက် ကုသမှု ခံယူဖို့ လိုမှာဖြစ်ပါတယ် ။
🔵 Takeaways
သွေးအားနည်းရောဂါကို ကာကွယ်ဖို့အတွက် အာဟာရကို ပြည့်ဝအောင်စားဖို့လိုပါမယ်။ အာဟာရတွေထဲကနေ လိုအပ်တဲ့ ဗီတာမင် ၊ သတ္တုဓာတ် နဲ့ သံဓာတ်တွေကို ပြည့်ဝလုံလောက်အောင် မရရှိဘူးဆိုရင် ဖြည့်စွက်အာဟာရတွေ မှီဝဲလို့ ရပါတယ်။
ဒါကြောင့် အစာအာဟာရကို ပြည့်ဝအောင် စားသုံးခြင်း ၊ ဖြည့်စွက်အာဟာရများ စားသုံးခြင်းတို့ဖြင့် သွေးအားနည်းရောဂါမှ ကာကွယ်နိုင်ပြီး ကျန်းမာသော ဘဝတွေကို ပိုင်ဆိုင်နိုင်ကြစေဖို့ ဒီဆောင်းပါးလေးကို တင်ဆက်ပေးလိုက်ရပါတယ် ။ ။
#vaa
#Anemia
#သွေးအားနည်းရောဂါ
#ကျန်းမာရေးဆောင်းပါးများ

Comments
Post a Comment